ဘန်ကီမွန်းနဲ့ NUG နိုင်ငံခြားရေးဒုဝန်ကြီး မြန်မာ့အရေးဆွေးနွေး

RFA Burmese
2023.04.30
ဘန်ကီမွန်းနဲ့ NUG နိုင်ငံခြားရေးဒုဝန်ကြီး မြန်မာ့အရေးဆွေးနွေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းကို တွေ့ရစဉ်။
REUTERS

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီးတို့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၃၀ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မစ္စတာဘန်ကီမွန်းက မြန်မာ့အရေးမှာ NUG အပြင် တခြားအစုအဖွဲ့အားလုံးရဲ့ အခန်းကဏ္ဍက အရေးပါတယ်လို့ ပြောဆိုခဲ့ပြီး ဦးမိုးဇော်ဦးကလည်း မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည် ခရီးစဉ်ကို စစ်ကောင်စီအနေနဲ့ သူတို့ အကျိုးအတွက် အသုံးချမှာစိုးရိမ်ကြောင်း ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

The Elders ဆိုတဲ့ ကမ္ဘာ့ထင်ရှားပုဂ္ဂိုလ်ကြီးများအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာဘန်ကီမွန်းနဲ့ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ဟာ ဧပြီလ ၂၇ ရက်နေ့မှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

တွေ့ဆုံမှုအတွင်း မကြာခင်က မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ မစ္စတာဘန်ကီမွန်း ခရီးစဉ်ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ပြီး မြန်မာ့အရေးမှာ ရှေ့ဆက် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာဘန်ကီမွန်းက မြန်မာ့အရေးမှာ NUG အပြင် တခြားအစုအဖွဲ့အားလုံးရဲ့ အခန်းကဏ္ဍက အရေးပါတယ်လို့ ပြောဆိုခဲ့ပြီး ဦးမိုးဇော်ဦးကလည်း မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည် ခရီးစဉ်ကို စစ်ကောင်စီအနေနဲ့ သူတို့ အကျိုးအတွက် အသုံးချမှာစိုးရိမ်ကြောင်း ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအရေးမှာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတစ်ရပ် တည်ဆောက်သွားမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ နှစ်ဖက်တွေ့ဆုံမှုကို အဆုံးသတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မစ္စတာဘန်ကီမွန်းဟာ ဧပြီလ ၂၃ ရက်နေ့က နေပြည်တော်ကို ရုတ်တရက် ရောက်ရှိလာခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် စစ်ကောင်စီရဲ့ အကြီးအကဲ ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တာပါ။

အဲဒီခရီးစဉ်နဲ့အပေါ် ဧပြီလ ၂၅ ရက်ကထုတ်ပြန်တဲ့ The Elders အဖွဲ့ရဲ့ ကြေညာချက်မှာတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို လက်တွေ့အကောင်အထည်ဖို့ မြန်မာစစ်ကောင်စီကို မစ္စတာဘန်ကီမွန်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတစ်ဖက်တည်းကိုသာ တွေ့ဆုံခဲ့တဲ့ ဘန်ကီမွန်းရဲ့ ခရီးစဉ်အပေါ် အဲဒီအချိန်က NUG အစိုးရနဲ့ မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကြား ဝေဖန်မှုတွေရှိခဲ့အပြီးမှာ အခုလို NUG နဲ့တွေ့ဆုံမှု ဖြစ်လာတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။