ရိုဟင်ဂျာပြန်ပို့ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး မျှော်လင့်

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ဟာစီနာရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် AK Abdul Momen အေ ကေ အဘ်ဒူလ် မိုမင်း က သူတို့နိုင်ငံရောက် ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်ပို့ရေးအတွက် တရုတ်ပြည်နဲ့ တခြားနိုင်ငံခြားတိုင်းပြည်တွေရဲ့ အကူအညီနဲ့ အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ တဆက်တည်းမှာပဲ သူက ရိုဟင်ဂျာတွေကို ပြန်ခေါ်ရေးအတွက် ြမန်မာအစိုးရနဲ့ အကြိမ်ကြိမ် စီစဉ်ခဲ့ပေမယ့် ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က နှေးကွေးစွာ ဆောင်ရွက်နေတဲ့အတွက် အခက်တွေ့နေတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မိမိအနေနဲ့ အကောင်းမြင်ပါတယ်လို့လည်း သူကပြောပါတယ်။ AK Abdul Momen အေ ကေ အဘ်ဒူလ် မိုမင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖြစ် နှစ်များစွာ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ရိုဟင်ဂျာပြဿနာဖြေရှင်းရေးအတွက် ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကလည်း ပါဝင်ကူညီမယ်လို့ မျှော်လင့်ပါတယ်။ ဒီပြဿနာ ကြာမြင့်တာနဲ့အမျှ ဒေသအတွင်း မတည်မငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသစ် အဘ်ဒူလ် မိုမင်းက ပြောပါတယ်။