ရခိုင်နယ်စပ်က တိုက်ပွဲတွေကို ဘင်္ဂလားဒေ့ရှ်သတိပေး
2024.06.16

ရခိုင်ပြည်နယ် နယ်စပ်က တိုက်ပွဲတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးစက်လာမယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး Obaidul Quader က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကပစ်လိုက်တဲ့ လက်နက်ကျည်ဆန်တွေ ဘင်္ဂလားဒေ့ရှ်ပိုင်နက် စိန့်မာတင်ကျွန်းထဲ ကျရောက်ခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို မနေ့က ဖြေဆိုခဲ့တာပါ။
မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာဟာ ပြည်တွင်းရေးအကျပ်အတည်းသာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးစက်လာရင်တော့ စိတ်မကောင်းစရာပဲလို့ သူကပြောပါတယ်။
စိန့်မာတင်ကျွန်းထဲ လက်နက်ကျရောက်ပေါက်ကွဲတဲ့ ကိစ္စကိုလည်း စစ်ရေးအရ ဖြေရှင်းတာထက် ဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို လျှော့မတွက်ဖို့နဲ့ သူတို့ဘက်ကိုထိလာရင် ပြန်လက်တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့လည်း ဝန်ကြီးက ပြင်းပြင်းထန်ထန် သတိပေးခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ထဲ လက်နက်ကျည်ကျရောက်ပေါက်ကွဲခဲ့တာတွေရှိနေပြီး ပြီးခဲ့တဲ့ ရက်ထဲမှာတော့ စိန့်မာတင်ကျွန်းမှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ အဆက်မပြတ်ကြားခဲ့ရတာဖြစ်ပါတယ်။