ဒီးမော့ဆိုမှာ တစ်နေကုန်တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီက ၃၀ ကျော်သေဆုံး

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲ စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းနဲ့ မတ်လ ၅ ရက် မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၅ ယောက် သေဆုံးတယ်လို့ ဒီးမော့ဆို PDF အဖွဲ့က ပြောပါတယ်။

မတ်လ ၅ ရက် မနက် ၆ နာရီကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တစ်နေကုန်တိုက်ပွဲဖြစ်ခဲ့တာလို့ ဒီးမော့ဆိုမြို့နယ် PDF (DMO-local PDF) ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

"တိုက်ပွဲက နှစ်နေရာမှာ ဖြစ်တာ။ အားလုံးပေါင်း စစ်ကြောင်း သုံးကြောင်း ရှိတယ်။ အင်အား တော်တော်များတယ်။ သုံးရာနီးပါးလောက် ရှိတယ်။ တစ်နေကုန်ပဲ။ ငွေတောင်ဘက်ကနေ တာဝေးပစ် လက်နက်သုံးပြီး ပစ်ကူတယ်။ ငွေတောင်အုပ်စုက စစ်ကြောင်းက အစကတည်းက ရှိတာ။ လွိုင်ကကော်ဘက်ကလာတဲ့ အဖွဲ့ပေါ့။ သေးဆူလဲဘက်က နန်းမယ်ခုံကနေ တစ်ဆင့်ချင်း တက်လာတာ။ အခုက နန်းမယ်ခုံ ဘက်က လုံးဝပေါက်သွားပြီ။ သူတို့လည်း လူအင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ထိုးလာခဲ့တာ"

သေးဆူလဲကျေးရွာအနီးက စစ်ကြောင်းနှစ်ကြောင်းကို ဒီးမော့ဆို PDF နဲ့ KGZ တို့က ခုခံခဲ့ပြီး ငွေတောင် ကျေးရွာအုပ်စုအနီးက စစ်ကြောင်းကိုတော့ ဒီးမော့ဆို PDF၊ CTU နည်းပညာလက်ရုံးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ခုခံခဲ့တာလို့ ပြောပါတယ်။

ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ၃၅ ယောက် သေဆုံးတယ်လို့ ဆိုထားပြီး PDF ပူးပေါင်းတပ်တွေဘက်က လေးယောက် ဒဏ်ရာရခဲ့ပြီး ဒရုန်းတစ်စင်း ပျက်စီးခဲ့တယ် လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ ၈၀,၀၀၀ ဝန်းကျင် ရှိနေပြီး အများစုဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်ကြပြီး နောက်ထပ် ရှောင်တိမ်း နေရသူတွေလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ကိုလည်း စစ်ဘေးဒုက္ခသည် ၇၅၀၀ လောက်ရောက်နေပြီး စုစုပေါင်း ရှစ်ထောင်လောက်ရှိတယ်လို့လည်း ဖရူဆိုမြို့နယ် အနောက်ဘက် စစ်ဘေးဒုက္ခသည် ကူညီရေးကွန်ရက် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ မတ်လ ၆ ရက် မနက်မှာလည်း သေးဆူလဲ ကျေးရွာနဲ့ ငွေတောင် ကျေးရွာအုပ်စုတို့ အနားမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး PDF ဘက်က ထိခိုက်သူ တစ်ယောက် ရှိတယ်လို့ ဒီးမောဆို PDF (DMO-local PDF) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။