လေးကေ့ကော်နဲ့ ကော့ကရိတ်မှာ စစ်ရေးတင်းမာနေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက လေးကေ့ကော်နဲ့ ကော့ကရိတ်မြို့ တောင်ပိုင်းဒေသ တွေကနေ စစ်ကောင်စီတပ်တွေ ထွက်ခွာဖို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ကြေညာပြီးနောက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ ကော့ကရိတ် ဒေသခံတွေက ပြောပါတယ်။

မတ်လ ၇ ရက်ကနေ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်တွေ ထွက်ခွာကြဖို့ ကြေညာပြီး နောက် ခုလို စစ်‌ရေးတင်းမာလာခဲ့တာလို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ဒီနေ့မနက်က RFA ကို ပြောပါတယ်။

"ဖယ်ခိုင်းထားတဲ့ ရက် ပြည့်သွားတဲ့နောက်ပိုင်း ဟိုဘက်က အင်အားတိုး ချလာတယ်။ မနေ့ကတုန်းကဆိုရင် ဂျက်လေယာဉ်နဲ့ လာတယ်။ ကင်းထောက် ဒရုန်းလည်း ကောင်းကင်ကို လာဝဲတယ်။ အခြေအနေက တင်းမာနေတယ်။ စစ်ရေးက အရှိန် မြင့်လာမယ့် သဘောရှိတယ်"

မတ်လ ၁၂ ရက် ဒီနေ့ မနက်မှာတော့ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်က ခြေလျင်ချီတက်လာနေကြသလို အဲဒီ လမ်းပေါ်က ဖြတ်သန်းသွားတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ကော့ကရိတ်ဒေသခံက ပြောပါတယ်။

ဒီမနက်ပိုင်းမှာပဲ စစ်ကောင်စီတပ်ဟာ ကမိုင်ကုန်းရွာဘက်ကနေ လက်နက်ကြီးတွေနဲ့ အနီးနားပတ်ဝန်းကျင်တွေဘက် ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

မ‌နေ့ညကလည်း ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ရဲစခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုး သား လွတ်မြောက်ရေးတပ် (KNLA) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး တောနော် သဘာဝ ရေတံခွန်အနီးမှာလည်း နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေကနေ ထိခိုက်၊ ကျဆုံးအခြေအနေတွေကို RFA က သီးခြားအ တည်မပြုနိုင် သေးသလို အဲဒီဒေသ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ဒီမတိုင်ခင် မတ်လ ၁၀ ရက်နေ့‌ညနေက စစ်ကောင်စီတပ်အင်အား ၃၀၀ ဝန်းကျင်ဟာ မြဝတီမြို့ပေါ်ကို အင်အားတိုးချဲ့လာတယ်လို့လည်း အဲဒီဒေသမှာ ရောက်ရှိနေသူ တစ်ယောက်က ပြောပြပါတယ်။

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် စစ်ကောင်စီတပ်တွေကို သုံးရက်အတွင်း ဆုတ်ခွာကြဖို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆၊ ဒူးပလာယာခရိုင်က မတ်လ ၇ ရက်က ထုတ်ပြန်ခဲ့တာပါ။

လေးကေ့ကော်ဒေသမှာ စစ်ကောင်စီတပ်နဲ့ KNLA တို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့လို့ ဒေသခံ ခုနစ်သောင်းကျော် သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက် တိမ်းရှောင်နေရပြီး တချို့လည်း ထိုင်းနိုင်ငံထဲထိ ထွက်ပြေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကစပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာကနေ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် စစ်ကောင်စီတပ်တွေ ဆုတ်ခွာပေးဖို့ KNU ဘက်က အသိပေးထားတာပါ။