ယင်းမာပင် မြောက်နုံးရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်နုံးကျေးရွာအနီးမှာ မတ်လ ၁၁ ရက် ဒီနေ့ မနက်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က လည်း သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အိုးဘိုကျေးရွာကနေ ထွက်လာတဲ့ စစ်သားတွေကို မြောက်နုံးရွာနားအရောက်မှာ မိုင်းဆွဲ တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့ ယင်းမာပင်မြို့နယ်၊ မြောက်ယမား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ကိုခန့်က ပြောပါတယ်။

"သူတို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့ အကုန်ပစ်တယ်။ အပြန်အလှန် ပစ်ကြတာ နှစ်နာရီလောက်ကြာတယ်။ နောက်တော့ စစ်သားတွေ မြောက်နုံးရွာထဲဝင်သွားပြီး ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတယ်။ တပ်စွဲထားချိန် ရွာထဲကနေ နတ်ထောင့်ရွာ ဘက်ကို လက်နက်ကြီးနဲ့ လှမ်းထုတဲ့အချိန် ကာကွယ်ရေးတပ်သားတစ်ယောက် ထိသွားတာ။ အခုကတော့ စစ်ရေးတင်းမာနေဆဲပဲ"

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ အရေအတွက်ကို အတည် မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားနေတာ လေးရက် ရှိနေပြီလို့လည်း ပြောပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် ပြန်လှည့်၊ ရှမ်းရွာ၊ သီးကုန်း၊ အိုးဘို၊ မြောက်နုံး၊ နုံးကြီး၊ နတ်ထောင့် အပါအဝင် ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ နှစ်သောင်းကျော်ခန့်ဟာ တောတွေနဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်ဟာ အင်တာနက် ဖြတ်တောက်ခံထားရတာ အချိန် ခုနစ်လခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။