မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ထဲမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်အထိ ရှိလာနေပြီလို့ KNU ဗဟိုက ထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်က ဘီးလင်းမြို့နယ် လေးကေကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး လေးကေကျေးရွာအပါအဝင် ဝင်းတာပန်၊ ကွီးလေး၊ မြစ်ကျိုး၊ ထီးချိဘော၊ ထီးလေးခေါ့၊ တဂေးလော၊ ကျောက်တောင်လေး စတဲ့ ရွာပေါင်း ၁၀ ရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။
လေးကေကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်ဘေး ဒုက္ခသည် အရေအတွက် များလာလို့ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံး ရေ အခက်အခဲရှိနေတယ်လို့ သထုံခရိုင် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီကို ကိုးကားပြီး KNU ဗဟိုက ဖော်ပြပါတယ်။
အဲဒီဒေသမှာ ရေရှားပါးတာနဲ့ ယင်လုံအိမ်သာ အလုံအလောက်မရှိလို့ ဝမ်းပျက်ဝမ်းလျော ရောဂါ ဖြစ်နေသူ ၃၀ ခန့် ရှိနေတယ်လို့ အဲဒီဒေသမှာ ရောက်ရှိနေသူက ပြောပြပါတယ်။
လက်ရှိမှာ KNLA တပ်မဟာ ၁ နယ်မြေထဲက သထုံ၊ ဖားအံ၊ ဘီးလင်း၊ ကျိုက်ထိုစတဲ့ မြို့နယ် လေးခုစလုံးမှာ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့လည်း KNU ဗဟိုက ရေးသားထားပါတယ်။