ဘီးလင်းက စစ်ဘေးဒုက္ခသည် သုံးဆယ်ခန့် ဝမ်းရောဂါဖြစ်နေ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည် ၃၀ ခန့်ဟာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ ကြတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေါကလူ ကွန်ရက်အဖွဲ့က ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရာအနီးက ချောင်းရေတွေ ခန်းခြောက်လာပြီး ရေလည်း မသန့်တော့လို့ ခုလို ဝမ်းရောဂါတွေ ဖြစ်ရတာလို့ ဒေါကလူ ကွန်ရက်က အထွေထွေ အတွင်းရေးမှူး ယအဲ့နက RFA ကို ပြောပါတယ်။

"အခုက ရေကလည်း သိပ်မကောင်းတော့ဘူးလေ။ ခန်းလာပြီဆိုတော့။ ချောင်းထဲက ရေကလည်း သိတဲ့အတိုင်းပဲလေ။ ရေမသန့်တာတွေလည်း ရှိတာပေါ့။ သောက်ရတဲ့ အခါကျတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာပေါ့။ ကျနော်သိသလောက်တော့ ၂၀ ကျော်၊ ၃၀ လောက်ရှိမယ်ထင်တယ်"

ဒုက္ခသည်ဦးရေ တစ်သောင်းလောက်ရှိတဲ့ အဲဒီဒေသမှာ အိမ်သာနဲ့ လူဦးရေမလုံလောက်လို့ အများစုက တောတိုးပြီး ဖြေရှင်းနေရတယ်လို့ ဒီဒေသမှာ နေထိုင်နေသူတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့က ဘီးလင်းမြို့နယ် လေးကေကျေးရွာကို လေကြောင်း ကနေတိုက်ခိုက်ခဲ့လို့ လေးကေ၊ ဝင်းတာပန်၊ ကွီးလေး၊ မြစ်ကျိုး၊ ထီးချိဘော၊ ထီးလေးခေါ့၊ တဂေးလော၊ ကျောက်တောင်လေး စတဲ့ ရွာပေါင်း ၁၀ ရွာက ဒေသခံ တစ်သောင်းကျော်ဟာ လုံခြုံတဲ့နေရာတွေမှာ အသီးသီး တိမ်းရှောင်နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီ သွားရောက် ပေးနိုင်ဖို့ ဒေါကလူ ကွန်ရက်အဖွဲ့က စီစဉ်နေပြီး ဒီအတွက်လည်း ပါဝင်လှူဒါန်းနိုင်တယ်လို့ ပြောထားပါတယ်။