လူကုန်ကူးခံရသူတွေ နေရပ်ပြန်ပို့ရေး ကူညီဖို့ ထိုင်းကို BGF တောင်းဆို

RFA Burmese
2025.02.14
လူကုန်ကူးခံရသူတွေ နေရပ်ပြန်ပို့ရေး ကူညီဖို့ ထိုင်းကို BGF တောင်းဆို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ ဗိုလ်မှူးကြီးစောချစ်သူအား တွေ့ရစဥ်။
KIC

ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်ပို့ဆောင်ရေးမှာ အကူအညီပေးဖို့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ထိုင်းအစိုးရကို တောင်းဆိုထားတယ်လို့ ထိုင်းအခြေစိုက် The Nation သတင်းက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖော်ပြပါတယ်။

BGF က လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသား ငါးရာလောက်ကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွှဲပြောင်းပေးဖို့ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့စွဲနဲ့ ဗိုလ်မှူးကြီး စောချစ်သူ လက်မှတ်ရေးထိုးပြီး ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ တာ့ခ်ခရိုင် မဲဆောက် ရပ်ချမနူနယ်ခြားစောင့်တပ် အကြီးအကဲတို့ဆီ စာပေးပို့ထားတာဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး မြဝတီ ချစ်ကြည်ရေးတံတားအမှတ် (၂) ကတစ်ဆင့် မဲဆောက်မြို့ကို လူအများအပြား ပို့ဆောင်သွားမှာဖြစ်ကြောင်း ဗိုလ်မှူးကြီးစောချစ်သူရဲ့ စာမှာ ပါရှိပါတယ်။

အဲဒီစာမှာ BGF နယ်မြေအတွင်း ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေမှာ တရားမဝင် လူကုန်ကူးနေတာတွေနဲ့ လိမ်လည်လှည့်ဖြားသူတွေကို ဖော်ထုတ်ဖမ်းဆီးနှိမ်နင်းနေတယ်လို့ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာပဲ BGF အဖွဲ့က ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းနေပါတယ်။ အဲဒီလုပ်ငန်းတွေက နိုင်ငံခြားသား ၆ဝဝ လောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

အဲဒီနေ့မှာပဲ ထိုင်းဝန်ကြီးချုပ် ပေထုံထန်ရှင်နာဝပ်က ကမ္ဘောဒီးယားနဲ့ မြန်မာမှာရှိတဲ့ နိုင်ငံဖြတ်ကျော် ငွေလိမ်လုပ်ငန်းတွေ တိုက်ဖျက်ရေးအတွက် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိတွေနဲ့ အစိုးရအိမ်တော်မှာ အစည်းအဝေးကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်က နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေဟာ အများပြည်သူလုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတာကြောင့် ရက်ပေါင်း ၃ဝ အတွင်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တယ်လို့ ထိုင်းအခြေစိုက် Khaosod သတင်းမှာ ဖော်ပြပါတယ်။

BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် သုံးဦးကို လူကုန်ကူးမှုသံသယနဲ့ ထိုင်းအစိုးရရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ဖမ်းဝရမ်းတောင်းခံထားပြီး BGF ဘက်ကတော့ လူကုန်ကူးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပါတယ်။

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ရည်ရွယ်ပြီး ထိုင်းအစိုးရက မြဝတီအပါအဝင် မြန်မာနယ်စပ် နေရာ ငါးခုကို လျှပ်စစ်မီး၊ လောင်စာဆီ နဲ့ အင်တာနက်ဖြတ်တောက်လိုက်တဲ့နောက် အဲဒီလုပ်ငန်းတွေ အဓိကရှိရာ နယ်မြေတွေကို ထိန်းချုပ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့တွေက လူကုန်ကူးခံရသူတွေကို ရှာဖွေပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်လာကြတာဖြစ်ပါတယ်။ BGF စိုးမိုးနယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ရှစ်ထောင်လောက်ကို နေရပ်ပြန်ပို့သွားမယ်လို့ BGF က RFA ကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။