ဗန်းမော်မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

RFA Burmese
2023.09.22
ဗန်းမော်မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရေလဲရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ညောင်ပင်သာရွာမှာ စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နောက်ထပ် သုံးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ညောင်ပင်သာရွာခံ အသက် ၅၆ နှစ်အရွယ် ဦးချစ်လွင်ဖြစ်ပြီး သူ့ဇနီးနဲ့ နောက်ထပ် ကလေးနှစ်ဦးတို့လည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရာမှာ ရွာထဲကို လက်နက်ကြီးလေးလုံး ကျရောက် ပေါက်ကွဲခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ အလုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာထဲကို လက်နက်ကြီးက ၄ လုံးကျတယ်။ အမျိုးသားတစ်ယောက် သေတယ်။ သူ့အမျိုးသမီးက ပေါင်မှာထိသွားတယ်။ ကလေးနှစ်ယောက် ထိတယ်။ သင်္ဘောပေါ်ကနေ ပစ်တာလို့တော့ သိရတယ်။ ဗန်းမော်ဘက်ကနေလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်။ ကျွန်တော်တို့ ရွာတွေဘက်က တချို့လူတွေလည်း ထွက်ပြေးနေကြတယ်”

သင်္ဘော ခြောက်စင်းပါတဲ့ ဒီစစ်ရေယာဉ်အုပ်စုဟာ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ရွှေကူမြို့နယ် ရေလဲရွာကို ကမ်းကပ်ပြီး ရေလဲရွာက အသက် ၃၀ အရွယ် ကိုစောဆိုသူ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ကတော့ စစ်ကိုင်းတိုင်း ကသာမြို့နယ် တုပ်ကြီးရွာကို ကမ်းကပ်ခဲ့ပြီး ဒေသခံ ရွာသား ခုနစ်ဦးကို သတ်ဖြတ်ခဲ့သလို နေအိမ် ၄၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကလည်း လုံခြုံရေးကိစ္စတွေကို သူ့အနေနဲ့မသိနိုင်ဘူးလို့ RFA ကို ဖြေဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။