မြန်မာစစ်ကောင်စီကို ဆက်ဖိအားပေးဖို့ အမေရိကန်-ဂျပန်ပူးတွဲတိုက်တွန်း

မြန်မာ အာဏာသိမ်း စစ်ကောင်စီကို ဆက်လက်ဖိအားပေးဖို့ အမေရိကန်နဲ့ ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင်တွေက ပူးတွဲတိုက်တွန်းလိုက်ပါတယ်။

ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Kishida တို့ ဒီကနေ့ တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာ့အရေးကိစ္စရပ်တွေကိုလည်း ထည့်သွင်းထားတာဖြစ်ပါတယ်။

အရပ်သားတွေအပေါ် မြန်မာအာဏာသိမ်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ခေါင်းဆောင်နှစ်ဦးက ရှုတ်ချထားပါတယ်။

မတရားဖမ်းဆီးထားတဲ့ သူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်အမြန်ပြန်ရောက်ရေးနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး ဆက်လက်ဖိအားပေးဖို့လည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

အာရှနိုင်ငံတွေကို ခရီးသွားနေတဲ့ အမေရိကန် သမ္မတ Biden ဟာ မနေ့ကလည်း တောင်ကိုးရီးယားနိုင်ငံမှာ သမ္မတ Yoon Suk-yeol နဲ့ တွေ့ဆုံခဲ့ပါတယ်။

တောင်ကိုးရီးယား သမ္မတနဲ့ တွေ့ဆုံပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မြန်မာပြည်သူတွေကို ဝိုင်းဝန်းကူညီဖို့နဲ့ မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။