ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှု AA နဲ့ သက်ဆိုင်မှုမရှိကြောင်း ငြင်းဆို
2018.02.06

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုမှာ ရခိုင်တပ်မတော် AA ဘက်က ကြိုတင်ကြံစည်လုပ်ဆောင်မှုတွေရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်တာကို ရခိုင့်တပ်မတော်ဘက်က ငြင်းဆိုလိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ဟာ ရခိုင်တပ်မတော်ကို ဂုဏ်သိက္ခာညိုးနွမ်းအောင် စွပ်စွဲတာဖြစ်ပြီး AA နဲ့ ဘာမှသက်ဆိုင်မှု မရှိဘူးလို့ ရခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။
"ပြဿနာတစ်ခုပေါ်တိုင်းမှာ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဂုဏ်သိက္ခာညိုးနွမ်းအောင် အမြဲတမ်းထိုးနှက်တိုက်ခိုက်ပြီးတော့ စွပ်စွဲနေတဲ့ဟာပဲ။ အခုလည်းပဲ သူတို့ဟာ ဇာတ်လမ်းစဉ်ပြီးတော့ အစိုးရထုတ်ပြန်ချက် ထုတ်ပြီးတော့ စွပ်စွဲလာတာတွေ့ရတယ်။ ကျနော်တို့နဲ့ ဘာမှဆက်စပ်မှုမရှိဘူး။ AA ကတော့ လုပ်စရာမရှိပါဘူးနော်။"
စစ်ဆေးတွေ့ရှိမှုအရ ရခိုင်တပ်မတော်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ အကြောင်းအချက်တွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က ရခိုင်တပ်မတော်ထံ အသိပေးအကြောင်းကြားစာ ပေးပို့တာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဦးဘိုဘိုမင်းသိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရ သူတွေထဲမှာ AA အတွက် လက်နက်ဝယ်ယူပေးခဲ့သူတွေ ပါရှိတယ်လို့ သိရပါတယ်။
ခိုင်သုခက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ပါ M-16 အမျိုးအစား သေနတ်တွေကို AA လက်နက်ကိုင် အဖွဲ့အနေနဲ့ ကိုင်ဆောင်တာ မရှိဘူးလို့ ငြင်းဆိုပါတယ်။
ဦးဘိုဘိုမင်းသိုက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦး ဆန္ဒပြမှုဖြစ်ပွားခဲ့စဉ် မြောက်ဦးမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ပြောင်းရွှေ့ခံလိုက်ရတာဖြစ်ပါတယ်။
တာဝန်ပြောင်းရွှေ့ခံရပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်နေ့က ပုဏ္ဏားကျွန်းမြို့မြောက်ဘက် ၇ မိုင်အကွာ ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ ဦးဘိုဘိုမင်းသိုက် ကို ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရ တာဖြစ်ပါတယ်။ ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ သူ့ရဲ့ဇနီး၊ သားနဲ့ ချွေးမ စုစုပေါင်း ၄ယောက်ကို ဖမ်းဆီးထားပါတယ်။