မကွေးတိုင်း ကြံ့ခိုင်ရေးပါတီရုံးအနီး ဗုံးကွဲ၊ ကလေးတစ်ဦး သေဆုံး

2021.09.14
မကွေးတိုင်း ကြံ့ခိုင်ရေးပါတီရုံးအနီး ဗုံးကွဲ၊ ကလေးတစ်ဦး သေဆုံး မကွေးမြို့မှာ ၂၀၂၁၊ စက်တင်ဘာ ၁၄ ရက်နေ့က USDP ပါတီ တိုင်းရုံးနဲ့ ပညာရေးမှူးရုံးကြားက ဗုံးပေါက်ကွဲမှုကြောင့် အနီးမှာရှိတဲ့ ကွမ်းယာဆိုင် ဗုံးစထိမှန်လို့ပျက်စီးနေတာကို တွေ့ရစဉ်
Photo: Citizen Journalist

မကွေးတိုင်း၊ မကွေးမြို့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) တိုင်းရုံးအနားမှာ စက်တင်ဘာလ ၁၄ ရက် ဒီနေ့မနက် ၈ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ငါးနှစ်အရွယ် ကလေး တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

USDP ပါတီတိုင်းရုံးနဲ့ မကွေးတိုင်း ပညာရေးမှူးရုံးအကြားမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် အနီးမှာရှိတဲ့ ကွမ်းယာဆိုင်က ငါးနှစ်အရွယ် ကလေးတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သေဆုံးသူကလေးငယ်ရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဗုံးပေါက်ကွဲမှုမှာ ငါးနှစ်အရွယ် ကလေးတစ်ယောက် အပြင်းအထန် ဒဏ်ရာရတယ်၊ ပန်းရံလုပ်တဲ့ လူငယ်တစ်ယောက်လည်း ဝမ်းဗိုက်နဲ့ ခြေထောက်တွေကို ဗုံးစတွေ ထိမှန်ခဲ့တယ်၊ ကလေးကတော့ ၁၀ နာရီလောက်မှာ သေဆုံးသွားတယ်”လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာတော့ မကွေးမြို့ အဝင်အထွက်ဂိတ်တွေကို စစ်ကောင်စီတပ်သားတွေက ပိတ်ဆို့လိုက်ပြီးနောက် လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ဆိုင်ကယ်၊ ကားတွေကို တားဆီးပြီး ရှာဖွေစစ်ဆေး တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။