စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ဖီလာရပ်ကွက် အထက်တန်းကျောင်းခွဲမှာ မတ် ၁၄ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီ ကျော်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲသံကို အဝေးက အကျယ်ကြီးကြားရပြီး ကျောင်းဝင်းထဲက အသစ်ဆောက်လုပ်ထားတဲ့ အဆောက်အအုံ မှန်တွေ ပျက်စီးသွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။
"အရပ်ဝတ်နဲ့ လူနှစ်ယောက် ဆိုင်ကယ်နဲ့ ထွက်သွားတာ တွေ့တယ်။ ပြီးတော့ ပေါက်ကွဲသံကြားရတယ်။ အသံက အကျယ်ကြီးပဲ။ လူတော့ ထိခိုက်တယ် မကြားမိဘူး။ အဆောင်သစ်မှန်တွေကတော့ တော်တော် ပျက်စီးသွားတယ်"
မကြာခင်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရတော့မှာဖြစ်တဲ့အတွက် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ဒေသတွင်းအခြေစိုက်အဖွဲ့တစ်ခုက လာရောက်ဖောက်ခွဲတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကလေး PDF ပြန်ကြားရေးတာဝန်ခံကတော့ သူတို့အနေနဲ့ လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွား နေတာဖြစ်ပြီး အခုလို စာသင်ကျောင်းကို ဗုံးဖောက်ကွဲမှုဟာ သူတို့အဖွဲ့ရဲ့ လက်ချက်မဟုတ်ဘူးလို့ ပြောပါတယ်။
ကလေးမြို့မှာ ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့ကလည်း ကလေး - ကလေးဝ လမ်းမကြီးပေါ်က ယာဥ်ထိန်း ရဲကင်းစခန်း တစ်ခု ဗုံးဖောက်ခွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။