စစ်တပ်နဲ့ ဆက်နွှယ်တဲ့ နိုင်ငံခြားကုမ္ပဏီ ၅၆ ခုကို အမည်ပျက်စာရင်းသွင်း

မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံခြားကုမ္ပဏီ ၅၆ ခုကို ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က အမည်ပျက်စာရင်းထဲ ထပ်မံထည့်သွင်းလိုက်ပါတယ်။

အခုဆိုရင် Burma Campaign UK အဖွဲ့က အမည်ပျက်စာရင်းသွင်းထားတဲ့ ကုမ္ပဏီ စုစုပေါင်း ၁၇၂ ခုရှိသွားပါပြီ။ ဒီတစ်ကြိမ် အမည်ပျက်သွင်းခံရတဲ့ထဲမှာ ရုရှားကုမ္ပဏီ ၁၅ ခု၊ အမေရိကန်ကုမ္ပဏီ သုံးခု၊ ဗြိတိန်ကုမ္ပဏီ နှစ်ခုလည်း ပါပါတယ်။

ရုရှားကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတာကြောင့် ထည့်သွင်းလိုက်တာလို့ ဆိုပါတယ်။

အမေရိကန်ရဲ့ Carlyle Group ကုမ္ပဏီဟာ တရုတ် AsiaSat ကုမ္ပဏီကနေတစ်ဆင့် စစ်တပ်ပိုင် မြဝတီသတင်းဌာနနဲ့ အချိတ်အဆက် ရှိနေတယ်လို့ ဆိုထားပါတယ်။

ဗြိတိန်က GCL International Ltd ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ဟာ မြန်မာ စစ်တပ်ပိုင် Tri-Star ကားတာယာ ကုမ္ပဏီကြေညာမှာထည့်သွင်း ဖော်ပြခံရသလို၊ Daily Mail & General Trust ဗြိတိန်သတင်းစာလုပ်ငန်းဟာလည်း စစ်တပ်ပိုင်မြဝတီနဲ့ လိုင်စင်ယူထားတာ ရှိနေတာကြောင့် အမည်ပျက်စာရင်းထဲမှာ ထည့်သွင်းခံရတာလို့ ဆိုပါတယ်။

"အမေရိကန်၊ ဂျပန်၊ တောင်ကိုးရီးယားတို့လို နိုင်ငံတွေဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ထားပေမယ့် သူတို့ရဲ့ တခြားစီးပွားရေး ကုမ္ပဏီတွေကို မြန်မာစစ်တပ်နဲ့ ဆက်လုပ်ခွင့်ပြုထားတာကြောင့် မြန်မာစစ်တပ်ဟာ အဲဒီကနေ ဝင်ငွေတွေ ရနေပြီး ရုရှားနဲ့ အိန္ဒိယတို့လို နိုင်ငံတွေဆီကနေ လက်နက်တွေ ဝယ်နေနိုင်တယ်" လို့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner ကပြောပါတယ်။

Burma Campaign UK အဖွဲ့ဟာ ၂၀၁၈ ခုနှစ်ကတည်းက စတင်ပြီး မြန်မာစစ်တပ်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေကို စောင့်ကြည့်၊ အမည်ပျက်စာရင်းသွင်းနေတာ ဖြစ်ပါတယ်။