မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း ထောက်ပံ့နေတဲ့ ရုရှားကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူပိတ်ဆို့ဖို့ Burma Campaign UK အဖွဲ့ကတောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ရုရှားဆီကနေ စစ်လက်နက်ပစ္စည်း အများဆုံး အထောက်အပံ့ရနေသလို၊ စစ်တပ်အာဏာသိမ်းကတည်းက ရုရှားနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး၊ သံတမန်ရေးဆက်ဆံမှုတွေလည်း မပြတ်ရှိနေတယ်လို့ Burma Campaign UK ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
“ယူကရိန်းမှာ ဗုံးကြဲနေတဲ့ ရုရှားဂျက်တိုက်လေယာဉ် ပုံစံလိုမျိုးတွေကို မြန်မာစစ်တပ်က ရုရှားဆီကနေဝယ်ထားပြီး၊ အဲဒီတိုက်လေယာဉ်တွေနဲ့ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်" လို့ Burma Campaign UK ရဲ့ အမှုဆောင်ဒါရိုက်တာ Anna Roberts က ပြောပါတယ်။
ယူကရိန်းကျူးကျော်ခံရမှုနဲ့ ပတ်သက်လို့ ရုရှားကုမ္ပဏီတွေကို နိုင်ငံတော်တော်များများက ဒဏ်ခတ်ပိတ်ဆို့နေသလို မြန်မာစစ်တပ်ကို ထောက်ပံ့နေတဲ့ ရုရှားကုမ္ပဏီတွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့ဖို့ လိုတယ်လို့ ဆိုပါတယ်။
ရုရှားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း မြန်မာ စစ်ကောင်စီဘက်ကရပ်ပြီး အကာအကွယ်ပေးနေတယ်လို့ ဆိုပါတယ်။
" မြန်မာပြည်တွင်းရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝင်ရောက်မစွက်ဖက်ဖို့ ရုရှားဘက်က ပြောနေတဲ့ တချိန်တည်းမှာ သူတို့ကိုယ်တိုင်ကတော့ တခြားအနောက်နိုင်ငံတွေထက်ပိုပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့" Anna Roberts က ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့နိုင်ငံတကာ ဥပဒေတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်နက်ထောက်ပံ့ပေးနေတဲ့ ရုရှားနဲ့လည်း သက်ဆိုင်တယ်လို့ Burma Campaign UK ရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။