ကရင်ပြည်နယ်ထဲက၊ အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ် လမ်းပိုင်းပေါ်မှာ မတ်လ ၁၂ ရက် ဒီနေ့ မနက်က ခရီးသည်ယာဉ်တစ်စီးအပါအဝင် ကား ငါးစီးခန့် မီးရှို့ဖျက်ဆီး ခံလိုက် ရတယ်လို့ အဲဒီလမ်းပိုင်းမှာ ရောက်နေတဲ့ ခရီးသည်တွေက RFA ကို ပြောပြပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တို့ စစ်ရေးတင်းမာ နေတဲ့ အဲဒီဒေသရဲ့ ကားလမ်းမပေါ်မှာ ခရီးသည်တင်ယာဉ် ရွှေစင်စင်္ကြာ တစ်စီး၊ ကုန်တင်ယာဉ် နှစ်စီးနဲ့ အိမ်စီးကား နှစ်စီးတို့ မီးရှို့ဖျက်ဆီးခံလိုက်ရတာလို့ ခရီးသည် တစ်ဦးက ဆိုပါတယ်။
နောက်ပြီး လက်ရှိ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးမှာ ယာဉ်တွေ ပိတ်ဆို့နေသလို တချို့လည်း ပြန်လှည့်ပြန်ကြကာ ကျန်နေတဲ့ ခရီးသည်တွေဟာ အနီးနားက ထမင်းဆိုင်မှာ အခြေအနေကို စောင့်ဆိုင်းနေကြတယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့တော့ ထမင်းဆိုင်မှာ နားနေတယ်။ ညနေအထိတော့ စောင့်ကြည့်မယ် ပြောတာပဲ၊ ကားဆရာက။ ရွှေစင်စင်္ကြာကား မီးရှို့ခံရတာက ခရီးသည်တွေ ဆင်းခိုင်းပြီး လုပ်လိုက်တယ်လို့ ကားဆရာ အချင်းချင်း ပြောတာကြားတယ်။ ကျွန်တော်တို့လည်း ကားပိတ်နေတော့ လက်တွေ့မမြင်ရဘူးပေါ့။ ဒရိုင်ဘာတော့ ထိတယ်ပြောတယ်။ ကျန်တဲ့သူတော့ သိပ်မထိဘူးပြောတယ်"
ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ ကော့ကရိတ်ကနေ မြဝတီမြို့ကို သွားတဲ့ ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးကိုလည်း စစ်ကောင်စီတပ်က လမ်းမှာ စစ်ဆေးဖို့တားတာကို မရပ်တန့်အတွက် ပစ်ခတ်ခဲ့ပြီး ယာဉ်မောင်း သေဆုံးခဲ့ရသလို ကားလည်း မီးလောင် ခဲ့တယ်လို့ ကော့ကရိတ် ဒေသခံတစ်ယောက်က ပြောပါတယ်။
မီးရှို့ခံရတဲ့ကားတွေနဲ့ ခရီးသည်တွေရဲ့ အခြေအနေကိုတော့ RFA က သီးခြား အတည် မပြုနိုင် သေးသလို ကားတွေမီးရှို့ဖျက်ဆီးတာ စစ်ကောင်စီတပ်ရဲ့လက်ချက်လို့ ဒေသခံတွေက စွပ်စွဲထားတာမို့ တုံ့ပြန်ချက် ရဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ ခန့်ဟာ ဒီမနက် အစောပိုင်းကတည်းက မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက် ခြေလျင်ချီတက်နေကြပြီးနောက်ပိုင်း ဒီလမ်းပိုင်းကို အသုံးမပြုကြဖို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။