ကျောက်ထု ရင့်ရဲရွာမှာ နေအိမ် ၂၇ လုံး မီးရှို့ခံရ၊ တစ်ဦးသေဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အနီးက ရင့်ရဲရွာကို မေလ ၃၁ ရက် ညနေ ၄ နာရီခန့်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့လို့ နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ပြီး လူတစ်ဦး မီးထဲပါ သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ရင့်ရဲရွာက ကျောက်ထုမြို့နဲ့ ငါးမိုင်ခန့်အကွာ အိမ်ခြေ ၁၅၀ ခန့်ရှိ ရွာဟောင်းနဲ့ ရွာသစ်နှစ်ရွာပေါင်းရှိတဲ့ ကျေးရွာ ဖြစ်ပြီး မီးရှို့ခံရတာက ရွာဟောင်းဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီနေ့ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မှာ ကျောက်ထုအမြောက်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနောက် ကျောက်ထုလေယာဉ်ကွင်း အမြောက်တပ်ထဲက စစ်ကောင်စီတပ်သား ၁၇ ဦးဟာ ကားနဲ့ ရင့်ရဲရွာကို လာရောက်ပြီး မီးရှို့လို့ နေအိမ်တွေနဲ့ လေဖြတ်နေသူတစ်ဦးပါ မီးထဲပါသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မီးရှို့ခံရတာက ကျွန်တော်တို့ အိမ်ခြေ ၂၇ အိမ်လောက် ပါသွားတယ်ဗျ။ အဲဒီမှာ ကျန်းမာရေး မကောင်းတဲ့ ယောက်ျားတစ်ဦးကလည်း လေဖြတ်နေတာပေါ့ဗျာ။ အဲလူတစ်ဦးကလည်း မီးထဲပါသွားတယ်"

အဲဒီရင့်ရဲရွာဟောင်းရဲ့ ရွာအလယ်ပိုင်းမှာရှိတဲ့ အိမ်ကြီးအိမ်ကောင်းတွေ မီးထဲပါသွားပြီး စစ်ကောင်စီ တပ်သားတွေ ပြန်ထွက်ချိန် ရွာသားတွေနဲ့ အနီးအနားကျေးရွာက လူတွေ အချိန်မီ ဝင်ရောက်မီးငြှိမ်းသတ်နိုင်လို့ တစ်ရွာလုံး မီးထဲပါမသွားတာလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

နေအိမ်တွေ မီးရှို့တာကို မှတ်တမ်းတင်နေတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း Data For Myanmar ရဲ့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ မကွေးတိုင်းက နေအိမ် ၉၀၁၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။