စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကံသစ်အရှေ့ရွာကို မေလ ၆ ရက် ဒီနေ့မှာ စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၄၀ ကျော် မီးရှို့ခံခဲ့ရသလို အသက် ၇၀ ကျော်အရွယ် ဒေါ်ခင်မြိုင်ဆိုတဲ့ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ တပ်သားတွေဟာ မနေ့ည အောင်ချမ်းသာရွာမှာအိပ်ပြီးနောက် ဒီမနက် အစောပိုင်းမှာ ကံသစ်အရှေ့ရွာကို လက်နက်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာက အိမ်ခြေ ၇၀ လောက်ရှိတာ။ ၄၀ လောက် ပါသွားတယ်။ သူတို့လာတော့ အကုန်ထွက်ပြေးကြတာ။ အဘွားကြီးက မပြေးနိုင်တော့ ကျန်ခဲ့တာမှာ မီးလောင်တဲ့ အထဲပါသွားတာ။ အခုတော့ စစ်သားတွေ ထွက်သွားကြပြီ"
ရွာထဲမှာ နွားတွေလည်း မီးလောင်တဲ့အထဲမှာ ပါဝင်သွားတယ်လို့ ဆိုပါတယ်။
ကံသစ်အရှေ့ရွာကနေ ထွက်ခွာသွားတဲ့ စစ်သားတွေဟာ အခုချိန်မှာ မှန်တောရွာအနီးကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲ ဝင်ရောက်မှုကို ရှောင်ရှားလေ့ရှိသလို အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ဘုတလင်မြို့နယ်ဟာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကလည်း စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကို ရှောင်တိမ်းနေတဲ့ အုတ်ဖိုရွာက ဒေသခံ ကိုးဦး အသတ်ခံခဲ့ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။