လာအိုကနေ လျှပ်စစ်ဓာတ်အား ဝယ်ယူမည်
2018.01.11

လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက်က လာအိုနိုင်ငံကနေ လျှပ်စစ်ဓာတ်အားဝယ်ယူဖို့ မကြာခင်မှာ MOU ထိုးမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦး က နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
အိန္ဒိယ၊ တရုတ်နဲ့ လာအိုနိုင်ငံတွေက လျှပ်စစ်ဓာတ်အားရောင်းလိုတယ်လို့ ကမ်းလှမ်းတာတွေရှိပြီး လာအိုနဲ့ မကြာခင် MOU ထိုးမှာ ဖြစ်တယ်လို့ လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦး က ပြောပါတယ်။
ဒါပေမဲ့ ဝယ်ယူမယ့်ပမာဏကို မပြောကြားနိုင်သေးတဲ့အကြောင်းနဲ့ လျှပ်စစ်ဓာတ်အား ဝယ်ယူရမယ့်နေရာ အကွာအဝေးပေါ် မူတည်ပြီးတော့ ဈေးနှုန်းသတ်မှတ်မှာလို့လည်း ဦးမင်းမင်းဦး က ပြောပါတယ်။
လတ်တလောမှာ တာချီလိတ်လို နယ်စပ်မြို့တွေမှာ ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓာတ်အား ဝယ်ယူသုံးစွဲတာတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၃၀ မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် စီမံကိန်းချဆောင်ရွက်နေပေမယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေနဲ့ ရေအားလျှပ်စစ်စီမံကိန်းအချို့မှာ ဒေသခံတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ကန့်ကွက်တာတွေလည်း ရှိနေပါတယ်။