ဖမ်းဆီးခံ မြန်မာနှစ်ဦးရဲ့ မိသား စုတွေ ရန်ကုန်မှာ စစ်ဆေးခံရ

ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ ဦးရဲ့ မိသားစု ဝင်တွေ တည်းခိုနေတဲ့ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်က ထွန်းသွင်ပရိယတ္တိစာသင်တိုက်ကို ရပ်ကွက်အုပ်ချုပ်ရေး မှူးနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ မနေ့ညက လာရောက် စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ထွန်းသွင်ပရိယတ္တိစာသင်တိုက်ကို ဧည့်စာရင်းစစ်တယ် ဆိုပြီး ည ၁၂နာရီလောက်မှာ ဝင်ရောက်မေးမြန်း တာဖြစ်တယ်လို့ ကျောင်းထိုင်ဆရာတော် အရှင် နာဂသေန က မိန့်ကြားပါတယ်။

"ဦးဇင်းတို့ ဒီကလေးတွေရဲ့ အဖေ အမေ တွေ ကိုလေ ဦးဇင်းကကျောင်းမှာလက်ခံခဲ့တာကိုး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အတွင်းရေး မှူးနှစ်ယောက်က လာပြီး ဦးဇင်းကိုဘာလာပြောလဲဆိုတော့ သူတို့ကဘယ်ကလဲ ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီကိုခေါ်လာရတာလဲ ထိုင်းမှာဖြစ်တဲ့ကိစ္စက ဒီရန်ကုန်အထိလိုက်လာဖို့ကို ဘယ်သူကခေါ်တာလဲ အဲ့လိုမျိုးမေးတယ်"

ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ မိသားစုဝင်တွေဟာ ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို မနေ့က လေကြောင်း ခရီးနဲ့ ရောက်ရှိခဲ့ပြီး ရခိုင်အမျိုးသားကွန်ရက်အကူအညီနဲ့ ထိုင်းနိုင်ငံကို သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒီအတွင်း မြန်မာအလုပ်သမား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ သက်ဆိုင် ရာ မြန်မာသံရုံးတွေအနေနဲ့ လုံလောက်တဲ့ အကာအကွယ်တွေ ပေးအပ်ကူညီဖို့ ရခိုင်အမျိုးသားပါတီ ANP က တိုက်တွန်းလိုက်ပါတယ်။

သံသယနဲ့ ဖမ်းဆီးခံနေရသူနှစ်ဦးကို ဓားစာခံတွေအဖြစ် ဥပဒေမဲ့ စစ်ဆေးအပြစ်ပေးခံရခြင်း မရှိအောင်ကာကွယ် ဖို့လိုအပ်ကြောင်း ANP ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ဇောဦးက ပြောပါတယ်။

"သံသယ တရားခံနှစ်ဦးက တကယ်ကျူးလွန်ခဲ့တယ်ဆိုရင် ထိုက်သင့်တဲ့တရားဥပဒေအတိုင်း အစီရင်ခံ ရမှာပေ့ါနော် ဒါပေမဲ့ ကျူးလွန်ခြင်းမရှိဘဲနဲ့ ထိုးကျွေးခံရတာမျိုး ဖြစ်တယ်ဆိုရင်တော့ တရားခံအစစ် အမှန်ကိုဖော်ထုတ်ပြီးတော့ အပြစ်ပေးစေချင်ပါတယ်"

မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ မြန်မာအလုပ်သမားနှစ်ဦးအမှုကို မြန်မာအစိုးရနဲ့ သက်ဆိုင် ရာ မြန်မာသံရုံးတွေက အနီးကပ်စောင့်ကြည့်ကူညီဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းထား ပါတယ်။