ပဒါန်းမြို့က စစ်ကောင်စီစခန်းကုန်းတစ်ခုကို CDF - Asho သိမ်းယူ

RFA Burmese
2025.02.11
ပဒါန်းမြို့က စစ်ကောင်စီစခန်းကုန်းတစ်ခုကို CDF - Asho သိမ်းယူ မကွေးတိုင်း ငဖဲမြို့နယ် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင် စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ခဲ့ကြောင်း CDF- Asho တပ်ဖွဲ့မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထုတ်ပြန်ထားစဉ်။
CDF- Asho

မကွေးတိုင်း၊ ငဖဲမြို့နယ် ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးက ဘုရားတောင် စစ်ကောင်စီတပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်-အရှို (CDF - Asho) က ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က ဝင်ရောက်တိုက်ခိုက်သိမ်းယူတာလို့ CDF - Asho ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက RFA ကို ပြောပါတယ်။

"အဲစခန်းက အင်အား ၁၅ ဦးကျော်ကျော်ပဲ ရှိပါတယ်၊ သူက ပျဉ်းဝဂိတ်ကို ကင်းစောင့်ဖို့အတွက် လွန်ခဲ့တဲ့တစ်နှစ်ကျော်ကတည်းက စခန်းချ တပ်စွဲထားတာ၊ ကျွန်တော်တို့ဘက်က စတင်ပစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာပဲ သေနတ်သံကြားတဲ့အချိန်မှာပဲ ကျွန်တော်တို့ကို အနည်းငယ်ပဲ ပြန်လည်ပစ်ခတ်ပြီး စခန်းကုန်းပေါ်မှာရှိတဲ့ ငါးဦးခြောက်ဦးလောက်က ထွက်ပြေးသွားတာဖြစ်ပါတယ်၊ စခန်းအောက်က ပျဉ်းဝဂိတ်တို့ စုပေါင်းဂိတ်တို့မှာ တာဝန်ကျနေတဲ့ စစ်သားတွေကလည်း ဂိတ်မှာမရှိတော့ဘဲနဲ့ အကုန်လုံးထွက်ပြေးသွားတာ"

စခန်းကုန်းကို သိမ်းယူတပ်စွဲထားတာမလုပ်ဘဲ မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အမ်း-ပဒါန်းလမ်းပေါ်က စစ်တပ်၊ ရဲ၊ လဝက စတဲ့ အဖွဲ့စုံထိုင်တဲ့ ပျဉ်းဝနဲ့ စုပေါင်းဂိတ်တွေကို လုံခြုံရေးပေးတဲ့ စစ်ကောင်စီတပ်သားတွေ တပ်စွဲတဲ့ စခန်းကုန်းလို့လည်း ပြောပါတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ပဒါန်းမြို့အနီးက စစ်ကောင်စီစခန်းတွေကို ထွက်ပြေးသွားတာလို့လည်း ရေးသားထားပါတယ်။

အရပ်သားတွေ ဂိတ်ကို ဖြတ်တဲ့အခါ ဖမ်းဆီးစစ်ဆေးတာ၊ ငွေကြေးတောင်းခံတွေရှိသလို ဒီစခန်းဟာ ပဒါန်းမြို့အနီးမှာရှိပြီး အနီးနားမှာ အမြောက်တပ်တွေ၊ အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တွေအနီးမှာ ရှိတာကြောင့် ပစ်မှတ်ထားတိုက်ခိုက်တာလို့လည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးတစ်ရက်အကြာမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဘုရားတောင်စခန်းကုန်းအနီးက ဂုတ်ဝနဲ့ ရေနွယ် စတဲ့အရှိုချင်းရွာတွေက အရပ်သားတွေကို ဖမ်းဆီးသွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း အမ်းမြို့နယ်ဘက်ကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ကို အမ်း-ပဒါန်းလမ်းမှာ ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်သုံ့ပန်း ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း CDF-Asho က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။