CDM လုပ်တဲ့ဝန်ထမ်းတွေ တစ်ယောက်ချင်း ဖုန်းဆက်ဖိအားပေးခံနေရ

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.02.23
CDM လုပ်တဲ့ဝန်ထမ်းတွေ တစ်ယောက်ချင်း ဖုန်းဆက်ဖိအားပေးခံနေရ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့က ကျောင်းဆရာမများ
Photo -Saw Ye Min Paing

စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ အစိုးရဝန်ထမ်းတွေကို အထက်အရာရှိတွေက တစ်ယောက်ချင်းအလိုက် ဖုန်းဆက်ပြီး အောက်တိုဘာလ ၂၃ ရက်နေ့ ဒီကနေ့မှာ အလုပ်ပြန်တက်ဖို့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဝန်ထမ်းတွေက RFA ကိုပြောကြပါတယ်။

အကြောင်းအမျိုးမျိုးပြပြီး ရုံးမတက်တာကို ရပ်တန်းကရပ်ပြီး ရုံးပြန်လာတက်ဖို့၊ ရုံးပြန်လာမတက်ရင် အလုပ်ဖြုတ်မယ်ဆိုပြီး ဖိအားပေးခြိမ်းခြောက်နေတာပါ။

မန္တလေး၊ ပုသိမ်ကြီး စိုက်ပျိုးရေးသိပ္ပံကျောင်းက CDM လုပ်နေတဲ့ ဆရာတဦးက "ဒီနေ့ရုံးပြန်တက်ဖို့ ကျနော်တို့ ဆရာ၊ဆရာမတွေ၊ ဝန်ထမ်းတွေကို စီမံခန့်ခွဲရေးအဖွဲ့ ဖုန်းဆက်တယ်၊ ပထမက ကျနော်တို့ကို CDM လုပ်ဖို့အကြောင်းအမျိုးမျိုးပြပြီး ခွင့်တွေယူထားတော့ အခု ဘယ်လိုခွင့်ကိုမှ မပေးတော့ဘူးလို့ပြောတယ်၊ CDM ဆက်လုပ်မယ်ဆိုရင်လည်း ထွက်စာတင်ပြီးမှ CDM ဆက်လုပ်ဖို့ ပြောတယ်"လို့ RFA ကိုပြောပါတယ်။

CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေကို ဝန်ထမ်းစည်းကမ်းပျက်ကွက်မှုနဲ့ ထိထိရောက်ရောက်အရေးယူမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားပါတယ်။ လက်ရှိ CDM မှာ ပါဝင်တဲ့သူတွေကို ဌာနတွင်း လိုက်လံ စာရင်းကောက်ယူနေတယ်လို့လည်း စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် နယ်စပ်ရေးရာဌာန အစိုးရဝန်ထမ်းတဦးက ပြောပါတယ်။

" CDM လုပ်တဲ့အတွက် လစာလည်းမပေးဘူးလို့ပြောတယ်။ အလုပ်လည်းထုတ်မယ်ဆိုပြီး အခုအမြန်ဆုံး အလုပ်ခွင်ပြန်ဝင်ဖို့ပြောတယ်၊ CDM လုပ်ပြီး ရုံးမတက်တဲ့သူ၊ CDM လုပ်ပြီး ဆန္ဒပြပွဲတွေမှာ ဦးဆောင်တဲ့သူ၊ CDM လည်းမလုပ်၊ ရုံးလည်းမတက်တဲ့သူဆိုပြီး သုံးမျိုးခွဲပြီး စာရင်းတွေ လိုက်ကောက်နေတယ်"လို့ နယ်စပ်ရေးရာဌာန အစိုးရဝန်ထမ်းတဦးက RFA ကိုပြောပါတယ်။

စစ်ဏာအာသိမ်းအစိုးရကို အသိအမှတ်မပြုတာကြောင့် အစိုးရ ယန္တရားလည်ပတ်လို့မရအောင် စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ အစိုးရဝန်ထမ်းတွေ ပါဝင်နေကြတာဖြစ်ပါတယ်။

ဒီ CDM မှာပါဝင်နေတဲ့ ဝန်ထမ်းတွေကို စစ်အာဏာဆန့်ကျင်ရေး လမ်းမထွက်ဆန္ဒပြသူတွေက တခဲနက် ထောက်ခံအားပေးနေကြသလို ငွေရေးကြေးရေး ထောက်ပံ့ကူညီပေးနေတာတွေလည်းရှိပါတယ်။

ရန်ကုန်မြို့က လေကြောင်းထိန်း ဝန်ထမ်းတဦးက "ဖိအားတွေကတော့ တော်တော်လေးခံနေရတယ်၊ တချို့က အဲ့ဒီလိုခြိမ်းခြောက်တော့ ကြောက်ပြီး ပြန်တက်ဖို့လုပ်နေတာတွေလည်းရှိတယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့ CDM ဝန်ထမ်းတွေကို ဝိုင်းဝန်းရံပေးစေချင်တယ်" လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ပြည်တွင်းမငြိမ်မသက်ဖြစ်အောင် အစိုးရဝန်ထမ်းတွေကို မသမာသူတွေက သွေးထိုးလှုံဆော်ပြီး CDM မှာပါဝင်ဖို့ တိုက်တွန်းနေတာလို့ ပြောထားပါတယ်။

CDM လှုပ်ရှားမှုကို ထောက်ပံ့ပေးနေတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ နိုင်ငံရေးသမားတွေ အပါအဝင် CDM ဦးဆောင်လုပ်နေသူတွေကို ညပိုင်းမှာ လိုက်လံဖမ်းဆီးပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူနေပါတယ်။

ဒီလိုဖမ်းဆီးအရေးယူမှုတွေကြားကပဲ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေ တနေ့တခြားများလာနေသလို အစိုးရဝန်ထမ်းတွေ ရုံးအလုပ်မလုပ်တာ သီတင်းပတ်သုံးပတ်လောက်ရှိလာပြီမို့ စစ်ကောင်စီရဲ့ လုပ်ငန်းတချို့လည်ပတ်ဖို့ ခက်ခဲလာနေပါတယ်။

စစ်အာဏာဆန့်ကျင်ရေးဆန္ဒပြသူတွေကတော့ ဒီ CDM လှုပ်ရှားမှုကသာ ငြိမ်းချမ်းတဲ့နည်းနဲ့ စစ်ကောင်စီကို ပြုတ်ကျအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကလည်း ဒီ CDM လှုပ်ရှားမှာ ပါဝင်လို့ အလုပ်ထုတ်ခံရတဲ့သူတွေကို အစိုးရအဖြစ် ပြန်တာဝန်ယူတဲ့အချိန်မှာ မူလအလုပ်အကိုင်အတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။