သာယာဝတီမြို့က CDM သူနာပြုဆရာမ တစ်ဦး အဖမ်းခံရ

ပဲခူးတိုင်း သာယာဝတီမြို့မှာ မတ်လ ၁၈ ရက် မနေ့က အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်နေတဲ့ ကျန်းမာရေးဌာနက သူနာပြုဆရာမတစ်ဦး အဖမ်းခံလိုက်ရတယ်လို့ သာယာဝတီမြို့ခံတွေက RFA ကို ပြောတယ်။

သာယာဝတီခရိုင် ပြည်သူ့ကျန်းမာရေးဌာနက အသက် ၄၅ နှစ် ခန့် သူနာပြုဆရာမကြီး ဒေါ်ဥမ္မာကြည် ကို နေအိမ်မှာရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာဖမ်းသွားတာလို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"မနက်က ခြောက်နာရီကျော်ပဲရှိသေးတယ် အဖမ်းခံရတာ၊ မြို့ထဲမှာပဲ သူ့အိမ်ကို ပြန်လာတာ မကြာသေးဘူး၊ သူက ရှောင်နေတာ၊ CDM လုပ်ထားတာလည်း အာဏာ သိမ်းပြီးကတည်းက၊ ရပ်ကွက်မှာနေတဲ့ ဒလန်သတင်းပေးလို့ အဖမ်းခံရတာလို့ ကြားတယ်"

တစ်ခြားနေရာမှာ ရှောင်တိမ်းနေရင်းကနေ သူနေထိုင်တဲ့ သာယာဝတီကွက်သစ်ရပ်ကွက်၊ ငြိမ်းချမ်းရေး ကျောင်းလမ်းမှာ ပြန်လာနေတုန်း ခုလိုအဖမ်းခံလိုက်ရတာလို့လည်း ပြောပါ တယ်။

ဆရာမကြီးကို ခရိုင် PDF တပ်ဖွဲ့ဝင်ဆိုပြီး စစ်တပ်အားပေးထောက်ခံသူတွေက စွပ်စွဲ ထားပြီး ဆိုရှယ်မီဒီယာကနေ ဝါဒဖြန့်လုပ်နေတယ်ဆိုပြီး စွပ်စွဲကြတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ သူ့ကို သာယာဝတီရဲစခန်းမှာ PDF လို့ စွပ်စွဲကာ စစ်ဆေးနေပြီး သူ့ရဲ့ အိမ်မှာ အသက် ၁၃ နှစ်အရွယ် သားတစ်ဦး ကျန်ခဲ့တယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက် ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်က သာယာဝတီခရိုင် ပညာရေးမှူးရုံးက CDM လုပ်ထားတဲ့ ကျောင်းဆရာမ ဒေါ်မြင့်မြင့်တိုး အဖမ်းခံခဲ့ရပြီး သုံးဆယ်မြို့ ညောင်ကောက်ကွေး ကျေးရွာက CDM လုပ်ထားတဲ့ ကျောင်းဆရာမ ဒေါ်မိုးမြတ်သဇင်လည်း ဖေဖော်ဝါရီ ၂၃ ရက်က အဖမ်းခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။