တရုတ် ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး ဘားအံဒေသခံတွေ သဘောတူ


2014.04.30

ကရင်ပြည်နယ် ဘားအံမြို့နယ် မိကရင်ကျေးရွာအနီးက ကော့ပြန်တောင်ဒေသမှာ တစ်ရက်ကို ဘိလပ်မြေ တန်(၅ဝဝဝ) ထုတ်လုပ်နိုင်မယ့် ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေနဲ့ သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ Myanmar Jidong Cement ကုမ္ပဏီလီမီတက် တာဝန်ရှိသူတွေက ပြော လိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဆရာစံလမ်းမှာရှိတဲ့ Cafe SS စားသောက်ဆိုင်မှာ ဘိလပ်မြေစက်ရုံတည်ဆောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Myanmar Jidong Cement ကုမ္ပဏီလီမီတက် အဖွဲ့ဝင် ဦးစိုင်းမျိုးဝင်းက အခုလိုပြောခဲ့တာပါ။

"အခြေခံအကျဆုံးဖြစ်တဲ့ ဒေသခံအဖွဲ့အစည်းအသီးသီး၊ လူထုအသီးသီးရဲ့ သဘောတူညီမှှုကို ရရှိပြီးဖြစ်ပါတယ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ကို ဒီစက်ရုံတည်ဆောက်ဖို့အတွက် တင်ပြထားတာတွေရှိပါတယ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ကနေပြီးတော့မှ စိစစ်ပြီးတဲ့အခါကျတော့ ခွင့်ပြုချက်ရလာတော့မှ တန် ၅ဝဝဝ နိုင်တဲ့ ဘိလပ်မြေစက်ရုံ ကို အချိန်ကာလ ၁၈ လအတွင်းမှာပဲ အပြီးတည်ဆောက်သွားမှာဖြစ်ပါတယ်"

ဒါ့အပြင် စက်ရုံတည်ဆောက်ဖို့အတွက် မြေဧက ၂ဝဝ ကျော်ကိုလည်း ဒေသခံတွေနစ်နာမှုမရှိအောင် ဝယ်ယူအသုံးပြုသွားမှာဖြစ်သလို အနီးတဝိုက် ကျေးရွာတွေကို ရေ၊ မီး၊ ပညာရေး စတဲ့ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဦးစိုင်းမျိုးဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလလယ်လောက်က အဲဒီ ဘိလပ်မြေစက်ရ့ုံတည်ဆောက်မယ့် နေရာက ဒေသခံတွေက ဘိလပ်မြေစက်ရုံတည်ဆောက်မယ့် စီမံကိန်းကို ကန့်ကွက်ခဲ့ကြပါတယ်။

အလားတူ အဲဒီ Myanmar Jidong ကုမ္ပဏီက မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် မြလိပ်တောင်ဒေသမှလည်း ဘိလပ်မြေ တန်(၅ဝဝဝ) ထုတ်လုပ်နိုင်မယ် စက်ရုံကို တည်ဆောက်သွားဖို့ရှိတယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။