ကိုယ်ရေးအချက်အလက်မပြည့်စုံတဲ့ မိုဘိုင်းငွေချေအကောင့်တွေကို ပိတ်မယ်လို့ ဗဟိုဘဏ်ကြေညာ
ကိုယ်ရေးအချက်အလက် အပြည့်အစုံမပါတဲ့ မိုဘိုင်းငွေပေးချေတဲ့ အကောင့်တွေကို အပြီး တိုင်ပိတ်သိမ်းမယ်လို့ ဗဟိုဘဏ်က စက်တင်ဘာ ၁၆ ရက်မနေ့က ကြေညာခဲ့ပါတယ်။
ဒီလိုလုပ်ရတာဟာ အကြမ်းဖက်မှုတွေအတွက် ငွေကြေးထောက်ပံ့နေတာကို တိုက်ဖျက်ဖို့နဲ့ ငွေကြေးခဝါချမှုတွေ၊ လိမ်လည်မှုတွေအတွက်ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ငွေပေးချေအကောင့်တွေမှာ ဖြည့်သွင်းထားတဲ့ နာမည်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်တွေကို စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဆင်းမ်ကတ်မှတ်ပုံ တင်အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားမယ်လို့ ဖော်ပြထားပါတယ်။
ဗဟိုဘဏ်ရဲ့ ကြေညာချက်ဟာ သုံးစွဲသူတွေရဲ့ လုံခြုံရေးကို ချိုးဖောက်ရာ ရောက်နေတယ် လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဝေဖန်ပါတယ်။
"Kpay မှာဆိုရင် အဆင့် ၁၊ ၁.၅ နဲ့ ၂ ဆိုပြီး ရှိတယ်လေ။ အခုက အဆင့် ၂ ပဲ လုပ်ရမယ်၊ ကျန်တာ ဖျက်ပစ်မယ်ဆိုတာမျိုး ဖြစ်နေတာပေါ့။ ပြီးတော့ ကိုယ့်ဘာသာ ကိုယ်ရေး ကိုယ်တာကိစ္စ ငွေလွှဲရင်တောင်မှာ သူတို့သံသယရှိတာနဲ့ လာဖမ်းလို့ရမယ့် ပုံစံမျိုးဖြစ် နေတယ်"
မိုဘိုင်းငွေပေးချေရေးစနစ်တွေကို အသုံးပြုပြီး အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အလှူငွေထည့်ဝင်နေတာတွေကို ရည်ရွယ်ပြီး စစ်ကောင်စီက ဆောင်ရွက်တာဖြစ်နိုင်တယ် လို့ သူက ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ကတော့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်သွင်း ပြီး အဆင့်မမြှင့်တင်လိုသူတွေအနေနဲ့ နီးစပ်ရာဘဏ်ကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ ဆိုထားပေမယ့် ဘယ်နေ့နောက်ဆုံးထား အဆင့်မြှင့်တင်ရမယ်ဆိုတာကိုတော့ မဖော်ပြ ထားပါဘူး။