စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ် NUG ကြေညာ

RFA Burmese
2023.09.14
စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ် NUG ကြေညာ ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
AFP

စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ဖို့ အဓိက ငွေကြေးထောက်တိုင်အဖြစ် ဆောင်ရွက်နေတဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အပါအဝင် ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဗဟိုဘဏ်ဟာ ပြည်သူပိုင်ငွေတွေကို တလွဲသုံးပြီး စစ်ကောင်စီအတွက် နိုင်ငံခြားကနေ လေယာဉ်ဆီအပါအဝင် လူတွေကို သေကြေပျက်စီးစေတဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူရာမှာ ပါဝင်နေတယ်လို့ NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။

ဒါ့အပြင် ကုန်စျေးနှုန်းတည်ငြိမ်ဖို့ ငွေကြေးမူဝါဒ ချမှတ်အကောင်အထည်မဖော်ဘဲ ကျပ်ငွေတွေအမြောက်အမြား ရိုက်ထုတ်ပြီး စစ်ကောင်စီရဲ့ အဓိကငွေကြေးထောက်တိုင်အဖြစ် ဆောင်ရွက်တာကြောင့် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာပဲ ဥပဒေတွေကို မျက်ကွယ်ပြုပြီး နိုင်ငံခြားငွေစျေးကွက်ကို စစ်ကောင်စီအလိုကျ ခြယ်လှယ်ဆောင်ရွက်ခွင့်ပြုတာကြောင့် မြန်မာကျပ်ငွေစျေနှုန်း အဆမတန်ကျဆင်းပြီး အခြေခံလူသုံးကုန်နဲ့ ဆေးဝါးတွေ ရှားပါးလာတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ ထောင်သွင်းအကျဉ်းချတာ၊ လူမျိုးတုံးသတ်ဖြတ်တာတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒီလုပ်ရပ်တွေဟာ အကြမ်းဖက်မှု ကျူးလွန်ဖို့ ရည်ရွယ်ချက်နဲ့ ပါဝင်ထောက်ပံ့သူကို အရေးယူနိုင်တယ်ဆိုတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ပြဌာန်းချက်တွေနဲ့ ကိုက်ညီတာကြောင့် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဒေါက်တာလင်းအောင်၊ ဦးဇော်မြင့်နိုင်အပါအဝင် ဝန်ထမ်း ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ NUG က ကြေညာလိုက်တာပါ။

လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အသင်း AAPP စာရင်းတွေအရ ၂ဝ၂၁ ဖေဖော်ဝါရီကနေ ၂ဝ၂၃ စက်တင်ဘာ ၈ရက်နေ့အထိ အရပ်သား လေးထောင်ကျော် သေဆုံးပြီး နှစ်သောင်းခွဲနီးပါး ဖမ်းဆီးခံခဲ့ရကာ လူဦးရေ နှစ်သန်းနီးပါးကတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။