ချောင်းဦးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် PDF နဲ့ အရပ်သား ကိုးဦးထက်မနည်း သေဆုံး
2023.09.27
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မင်းတည်၊ မင်းခေါင်နဲ့ မကျီးခွရွာတွေကို စက်တင်ဘာလ ၂၆ ရက် နေ့လယ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် PDF တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားခြောက်ဦး သေဆုံးပြီး နောက်ထပ်သေဆုံး ထိခိုက်သူတွေ ထပ်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီသုံးရွာဟာ ချောင်းဦး-ပခုက္ကူကားလမ်းဘေးက ရွာချင်းဆက်ကျေးရွာတွေ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ရဟတ်ယာဉ်လေးစင်း လာရောက်ပြီး အဲဒီထဲက တစ်စင်းက လေကြောင်းကနေပစ်ခတ်ပြီး နောက်သုံးစင်း မှာပါလာတဲ့ အင်အား ၇၀ ကျော်က မြေပြင်ကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) က အသက် ၂၅ ကနေ ၃၅ ဝန်းကျင် ကိုတပ်ကုန်း၊ ဗိုလ်သိန်းတန်နဲ့ ကိုနိုင်တို့ သေဆုံးခဲ့ပါတယ်။
သေဆုံးတဲ့အရပ်သားတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီသေဆုံးတဲ့အရေအတွက်က လတ်တလော အတည်ပြုနိုင်တဲ့အရေအတွက်ဖြစ်ပြီး ဒီထက်လည်း များနိုင် တယ်လို့ ချောင်းဦးဒေသခံတစ်ဦးက ပြောပါတယ်။
“ရဟတ်ယာဉ်နဲ့ ရွာနီးချုပ်စပ်တွေကို ပိတ်ပစ်တာ အဲဒီတော့ ထွက်လို့မရတော့ဘူး။ ပိတ်မိကုန်တာ။ အခုမနက်ထိ အလောင်းတွေ မကောက်ရသေးဘူး။ အလောင်းက ၁၅ ယောက်နဲ့ ၂၀ ဝန်းကျင် လောက်ရှိနိုင်တယ်လို့ ပြောတယ်။ ကျွန်တော်သိတဲ့ အတည်ပြုနိုင်တဲ့ ပြည်သူကကို ခြောက်ယောက်ရှိတယ်”
စစ်ကောင်စီတပ်သား ၇၀ ကျော်ကလည်း မနေ့ ညပိုင်းမှာ နေအိမ်တွေကို ဝင်ရောက်ရှာဖွေ ခဲ့သလို စက်တင်ဘာလ ၂၇ ရက် ဒီကနေ့အထိ ရွာတွေထဲမှာ ရှိနေတယ်လို့ သူက ပြောပါ တယ်။
မင်းတည်၊ မင်းခေါင်နဲ့ မကျီးခွရွာ မှာ လူဦးရေ လေးထောင်နီးပါးနေထိုင်ပြီး အရပ်သားတွေ ထွက်ပြေးတာရှိသလို ရွာထဲမှာ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန် ပါဘူး။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် တစ်ထောင်နီးပါး တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၈၁ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ စက်တင်ဘာလ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ၃၀၁ ကြိမ်၊ ၂၀၂၂ ခုနှစ် ဧပြီလကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ၆၈၇ ကြိမ် စုစုပေါင်း ၉၈၈ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြ ထားတာပါ။