ရခိုင်က စစ်ဘေးဒုက္ခသည်စခန်းနှစ်ခုမှာ ရေကျောက်ရောဂါ ကူးစက်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာရှိတဲ့ တောင်မင်းကုလားနဲ့ ဝါးတောင် စစ်ဘေး ဒုက္ခသည်စခန်းနှစ်ခုမှာ အသက် ၅ နှစ်အောက် ကလေးတွေ၊ ၁၈ နှစ်အောက် လူငယ်တွေနဲ့ လူကြီးအချို့ ရေကျောက်ရောဂါ ကူးစက်ခံနေရတယ်လို့ ဒုက္ခသည်တွေက RFA ကို ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအစောပိုင်းကတည်းက စတင်ဖြစ်ပွားနေတာဖြစ်ပြီး ဒီနေ့မှာလည်း အမျိုးသမီး သုံးဦးနဲ့ အမျိုးသား တစ်ဦး ထပ်မံကူးစက်ခံရတယ်လို့ တောင်မင်းကုလား စစ်ဘေးဒုက္ခသည်စခန်းက မအေးအေးခင်က ပြောပါ တယ်။

“ဖြစ်တာက ဒီလအစောပိုင်းကတည်းက စဖြစ်နေတာ။ အခုလည်း ဒုက္ခသည်တွေ ကူးစက်ခံနေရဆဲပဲ။ ဒီနေ့ဆိုရင် မိန်းမ သုံးယောက်နဲ့ ယောကျ်ား တစ်ယောက် ထပ်ပြီး ကူးစက်ခံရတယ်။ ကူးစက်ခံရသူ အများစုက ကလေးတွေပဲ။ ကျန်းမာရေးဌာနကတော့ တစ်ပတ်တစ်ခါ လာကြည့်ပါတယ်။ တချို့တွေလည်း သက်သာသွားကြပြီ။ ဒါပေမဲ့ အများစုက မသက်သာသေးဘူး”

အဲဒီတောင်မင်းကုလား ဒုက္ခသည်စခန်းမှာ အသက် ၅ နှစ်အောက်အရွယ် ၁၀ ဦးကျော်၊ အသက် ၁၀ နှစ်နဲ့ ၁၅ နှစ်ကြားအရွယ် ၂၀ ဦးနဲ့ လူကြီးပိုင်း ရှစ်ဦး၊ စုစုပေါင်း ၄၀ ကူးစက် ခံရတာလို့ ပြောပါတယ်။

အလားတူ ဝါးတောင် စစ်ဘေးဒုက္ခသည်စခန်းမှာလည်း အသက် ၁၈ နှစ်အောက်အရွယ် ၂၅ ဦးနဲ့ ၁၈ နှစ်အထက် ၁၄ ဦး၊ စုစုပေါင်း ဒုက္ခသည် ၃၉ ဦးမှာ ရောဂါကူးစက်ခံနေရတယ်လို့ စခန်းတာဝန်ခံ ဦးလူဖြူက RFA ကို ပြောပါ တယ်။

“ကျနော်တို့စခန်းမှာတော့ ဒုက္ခသည် ၃၉ ယောက် ကျောက်ရောဂါဖြစ်နေတယ်။ လူငယ် တွေအဖြစ်များတယ်။ ကျန်းမာရေးဌာနကတော့ တစ်ပတ်တစ်ခါလာပြီး ကုသပေးပါ တယ်။ အခက်အခဲကတော့ စားရေး သောက်ရေး ပါပဲ။ ကလေးတွေ နေမကောင်းဖြစ် တော့ အလုပ်အကိုင်တွေလည်း သွားလို့မရဘူး။ အစိုးရက ထောက်ပံ့တဲ့ ဆန်မရတာ လည်း နှစ်လလောက်ရှိပြီ။ ရောဂါက တစ်မျိုး၊ စားရေး သောက်ရေးက တစ်မျိုး တော်တော်လေးကို အခက်အခဲဖြစ်နေကြတယ်”

အဲဒီ ဝါးတောင် စစ်ဘေးဒုက္ခသည်စခန်းမှာ ကျောက်တော်မြို့နယ် ခမောင်း၊ ကင်ဘိ၊ တိန်းချောင်း စတဲ့ ရွာတွေနဲ့ အခြားရွာတွေက အိမ်ထောင်စု ၁၇၈ စုနဲ့ လူဦးရေ ၁၁၀၀ ကျော် ခိုလှုံနေတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ ကျောက်တော်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သန်းထွန်းဦးကို RFA က မေးမြန်းရာမှာ ကျန်းမာရေးဝန်ထမ်းတွေ စခန်းကိုဆင်းပြီး ဆေးကုသပေးနေတယ်လို့ ပြောပါတယ်။

အခုလက်ရှိ ဒုက္ခသည်စခန်းမှာ ဖြစ်ပွားနေတဲ့ ရေကျောက်ရောဂါဟာ ရာသီအလိုက်ဖြစ်ပွား တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး လူအချင်းချင်းထိတွေ့မှုတွေအပြင် နှာချေ၊ ချောင်းဆိုးမှုတွေ ကနေတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကာလအတွင်း အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော်ဟာ ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘဲ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရဆဲဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က ပြောဆိုထားပါတယ်။