ကလေးစစ်သား မိဘများ ပြန်ခေါ်သော်လည်း စစ်တပ်မှ ခွင့်မပြု

အဓမ္မ စစ်မှုထမ်းနေရတဲ့ အသက် ၁၅ နှစ်ကျော် ၁၀ တန်းကျောင်းသား မောင်ဆန်းယုနိုင်ကို မိဘအပ်ထိန်းသူတွေက စစ်လေ့ကျင့်ရေးကျောင်းမှာ ရှာလို့တွေ့ပေမယ့် အိမ်ပြန်ခေါ်တာကို စစ်တပ်က ခွင့်မပြုဘူးလို့ သိရပါတယ်။

မောင်ဆန်းယုနိုင်ဟာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် လေ့ကျင်းရေးကျောင်း အမှတ် ၇ စစ်သင်တန်းကျောင်းမှာ စစ်သင်တန်း တက်နေရပြီး မိဘအုပ်ထိန်းသူတွေက သွားခေါ်တဲ့အခါမှာတော့ ဒီကလေးကို စလက်ခံကတည်းက မိဘမဲ့ကလေးအဖြစ် စာရွက်စာတမ်းနဲ့ လက်ခံခဲ့တာကြောင့် တွေ့ခွင့်သာပေးပြီး အိမ်ပြန်မထည့်ဘူးလို့ စစ်သင်တန်းကျောင်း တာဝန်ကျအရာရှိက ပြောလွှတ်တယ်လို့ သူ့ရဲ့ အဖိုးဖြစ်သူ ဦးအောင်ငြိမ်းက ပြောပါတယ်။

ကျွန်တော်တို့ကလေးဟာ ၁၀ တန်းကျောင်းသားလည်းဖြစ်တယ်။ အသက်လည်း မပြည့်သေးတဲ့အတွက် ကျွန်တော်တို့ ပြန်ခေါ်ချင်တယ်လို့ ပြောတဲ့အခါကျတော့ ခင်ဗျားကလေးက မှန်တယ်။ သို့သော်လည်း လာပို့တဲ့အရာရှိက စာရွက်စာတမ်း အပြည့်အစုံနဲ့ မိဘမဲ့ကလေးဆိုပြီး လာပို့သွားတယ်တဲ့။ ကျွန်တော်တို့ဆီကိုလာရင် တွေ့လို့တော့ရမယ်။ ခေါ်လို့မရဘူးလို့ ပြောလိုက်တယ်။

မောင်ဆန်းယုနိုင်ဟာ ရန်ကုန်မြို့ တာကေတမြို့နယ် ၂ /မြောက် ရပ်ကွက်မှာ နေထိုင်တာဖြစ်ပြီး အထက (၁) တာကေတ အထက်တန်းကျောင်းက ၁၀ တန်းကျောင်းသား တစ်ဦးဖြစ်ပြီး စစ်တပ်ထဲ ဝင်လိုက်ရလို့ စာမေးပွဲ ဖြေဆိုခွင့်လည်း ဆုံးရှုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီလောက်မှာ စလောင်းကလာတဲ့ ဘောလုံးပွဲ သွားကြည့်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ ညမှာပဲ ကလေးစစ်သားအဖြစ် အဖမ်းခံရတာပါ။

သူ့ကို စစ်တပ်အရာရှိ ကိုဟန်လင်းက တပ်မတော် လေ့ကျင်းရေးကျောင်းကို ခေါ်သွားတာလို့ နောက်ပိုင်းမှာ သိရတယ်လို့လည်း ဦးအောင်ငြိမ်းက ပြောပါတယ်။

အစိုးရက စစ်တပ်မှာ ကလေးစစ်သား မသုံးပါဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက သတင်းစာရှင်းပွဲလုပ်ထားပြီး နိုင်ငံပိုင်သတင်းစာမှာလည်း ဖော်ပြထားပါတယ်။ ဒီအချက်ကိုကိုင်ပြီး မြေးဖြစ်သူကို ပြန်ခေါ်ဖို့ကြိုးစားမယ်။ ကာကွယ်ရေးဝန်ကြီးဌာနကိုလည်း အသနားခံစာပို့မယ်လို့ ဦးအောင်ငြိမ်းက ပြောပါတယ်။

" အသက်မပြည့်သေးတဲ့ ကလေးကို စစ်သားမလုပ်ခိုင်းရဘူး။ မိဘအုပ်ထိန်းသူ သဘောမတူရင် မလုပ်ရဘူးဆိုတာ ကျွန်တော်တို့ စာစောင်ထဲမှာလည်း ပါတယ်။ သတင်းစာထဲမှာလည်း ရှင်းလင်းပွဲ လုပ်ထားတယ်လေ။ ကျွန်တော်တို့လည်း ဝန်ကြီးဌာန ၁၂ ဌာနကို နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ကနေ စစ်တပ်နဲ့ ပတ်သက်တဲ့ ဌာနတွေပေါ့။ တိုင်စာတက်ဖို့၊ လူကြီးတွေကို မေတ္တာရပ်ခံဖို့ အကြောင်းကြားရတာပေါ့။"

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO ကိုလည်း တိုင်တန်းထားတယ်လို့ ဦးအောင်ငြိမ်းက ပြောပါတယ်။