ကလေးစစ်သား တစ်ထောင်ကျော် စုဆောင်းခဲ့ကြောင်း ကုလပြောဆိုချက်ကို စစ်ကောင်စီ ငြင်းဆို

RFA Burmese
2024.06.26
ကလေးစစ်သား တစ်ထောင်ကျော် စုဆောင်းခဲ့ကြောင်း ကုလပြောဆိုချက်ကို စစ်ကောင်စီ ငြင်းဆို ရန်ကုန်မြို့၊ ဘုရင့်နောင်ရှိ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ကလေးစစ်သားများအား ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့စဉ်။
Photo: RFA

စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်အတွင်း အသက်မပြည့်သေးတဲ့ ကလေးတစ်ထောင်ကျော်ကို စစ်မှုထမ်းခိုင်းခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာ ဖော်ပြချက်ဟာ မမှန်ကန်ဘူးလို့ စစ်ကောင်စီက ဇွန်လ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း ၁၁၀၂ ဦးကို စစ်မှုထမ်းခိုင်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါဟာ ချဲ့ကားဖော်ပြတာလို့ စစ်ကောင်စီရဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးတဲ့ကျူး လွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီက တုံ့ပြန်ပါတယ်။

စစ်ကောင်စီဘက်က အချက်အလက်တွေ ကြိုတင်ပေးပို့ခဲ့ပေမဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြတာမရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် ကြီးလေးတဲ့ ကျူးလွန်မှုတွေမဖြစ်အောင် ကာကွယ်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ စစ်ရေးပဋိပက္ခတွေအတွင်းမှာ ကလေးသူငယ်တွေ ထိခိုက်မှု အခြေအနေကို လေ့လာစောင့်ကြည့်တဲ့ Watchlist အဖွဲ့ကတော့ မြန်မာနိုင်ငံက နယ်ခြားစောင့်တပ်တွေ အပါအဝင် တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ဟာ ကလေးစစ်သားအဖြစ် စုဆောင်းအသုံးပြုမှု၊ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှု၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်မှု အဲဒီလုပ်ရပ်ငါးမျိုးစလုံး ကျူးလွန်ခဲ့တာတွေ့ရတယ်လို့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။