လျှပ်စစ်မီးရကြောင်း စာရင်းပေါက်လို့ အခက်တွေ့နေရ

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းက ဆာဇန် ကျေးရွာမှာ ၂၀၀၉ ခုနှစ်က ကျေးရွာ လျှပ်စစ်မီး ရရှိတဲ့ အထိမ်းအမှတ် ဖွင့်ပွဲ ပြုလုပ်ပြီးပေမဲ့ အမှန်တကယ် မီးမရတာကြောင့် ဖြစ်စဉ်အမှန်ကို ထပ်ပြီးတင်ပြဖို့ အခက်အခဲတွေ့နေရတယ်လို့ ချင်းတိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး (၂) ဦးရှိန်းထွန်းက ပြောဆိုပါတယ်။

အဲဒီရွာမှာ ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့က စစ်အစိုးရ လက်ထက် လျှပ်စစ်ဝန်ကြီး ဦးဝင်းမြင့်၊ ယခုလက်ရှိ ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးကျင်လင့်ပေါင်၊ မြို့နယ် နအဖဥက္ကဌဟောင်း ဦးရာဇာအေးတို့က လျှပ်စစ်မီး ရရှိမှုဖွင့်ပွဲကို ကျေးရွာဘော်လုံးကွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်၊

ဒါပေမယ့် ဒီလိုဖွင့်ပွဲသာ လုပ်ခဲ့ပြီး အမှန်တကယ် မီးမရရှိတဲ့အပြင် ဒီကျေးရွာမီး ရရှိပြီးပြီ ဆိုတဲ့စာရင်းက ပြည်ထောင်စု အစိုးရမှတ်တမ်းမှာ ပါရှိသွားခဲ့တာကြောင့် ထပ်မံပြီး တင်ပြလျှောက်ထားဖို့ ခက်ခဲနေတာလို့ ဦးရှိန်းထွန်းက ပြောပါတယ်။

"အဲဒီရွာက လျှပ်စစ်မီးရတဲ့ ပြည်ထောင်စုစာရင်းထဲမှာ ပါသွားတဲ့အခါကြတော့ လျှပ်စစ်နဲ့ ပတ်သက်လို့ သူတို့ဘာမှ တောင်းခံလို့လည်း မရတော့ဘူးပေါ့နော်၊ ပိုဆိုးသွားတာက အဲဒီအချိန်တုန်းက မြို့နယ် ဥက္ကဋ္ဌ တာဝန်ယူတဲ့ ဦးရာဇာအေးကနေ ခင်ဗျားတို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမဟကြနဲ့။ ဟလို့ရှိရင် နိုင်ငံတော်
ပုန်ကန်မှုနဲ့ အကုန်လုံး ထောင်ချပစ်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အခါကြတော့ ရွာသားတွေ အနေနဲ့က ဒီနေ့ထက်ထိ ဘာမှမဟရဲဘူး ဖြစ်နေတယ်။"

ဒီလိုဖွင့်ပွဲပြုလုပ်ဖို့ အတွက် ကျေးရွာကနေ တအိမ်ထောင်ကျပ် (၂၀၀၀) နှုန်းနဲ့ကောက်ခံပြီး ဖွင့်ပွဲ ကုန်ကျစရိတ်ကို စိုက်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။