ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်မှာ တပတ်အတွင်း နေအိမ် ၂၈ လုံး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖျက်ဆီးတာခံခဲ့ရတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)က မတ်လ ၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဖလမ်းမြို့ပေါ်က ဒေသခံတွေဟာ နေအိမ်တွေကို စွန့်ပြီး တောတွေ တောင်တွေထဲ ထွက်ပြေးနေရချိန်မှာ စစ်ကောင်စီတပ်သားတွေက အိမ်တွေကို ဖျက်ဆီးသွားကြတာလို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
"ဖျက်ဆီးခံရတဲ့ အိမ်တွေက ဒေသခံတွေဟာ လောလောဆယ် တောင်ယာတဲတွေမှာ နေကြရတယ်။ သူတို့ဘာသာ သူတို့ ဆောက်ထားတဲ့ စစ်ရှောင်စခန်းတွေရှိတယ်။ အဲဒီမှာ နေကြတယ်။ တချို့ကျ တခြားနေရာ သွားနေတဲ့သူတွေလည်း ရှိတယ်။ လောလောဆယ် အဲဒီလိုပဲ နေကြတယ်ဗျ"
မတ်လ ၂ ရက်နေ့မှာ ဒေါက်တက်ရွာက နေအိမ် ၁၉ လုံးမီးရှို့ခံရသလို နောက်ထပ် ၅လုံးလည်း လက်နက်ကြီးကျလို့ ပျက်စီးသွားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မတ်လ ၆ ရက်နေ့ကလည်း လိုင်မွာလ်ရွာက အိမ်တစ်လုံး၊ တလန်လိုရပ်ကွက်က အိမ်သုံးလုံး မီးရှို့ခံခဲ့ရတယ်လို့ CNO ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဖလမ်းမြို့ပေါ်မှာ နေအိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းနိုင်ဖို့ RFA က ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။
အဲ့ဒီဖလမ်းဘက်မှာ အရပ်သားပြည်သူတွေ မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ မတ်လ ၅ ရက်နေ့က ရမ်ထလိုရွာ ခရစ်ယာန် နှစ်ခြင်းဘုရားကျောင်းက ဆရာတော် ဦးအောင်ရွှေဟာ တောင်ယာသွားချိန်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေမျက်စိအောက်ပိုင်း ပြတ်ထွက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီဒေသမှာရှိတဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြေမြှုပ်မိုင်း အသုံးပြုလေ့ မရှိတာကြောင့် ဒီမိုင်းဟာ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်း ဖြစ်နိုင်တယ်လို့ CNO ပြန်ကြားရေးတာဝန်ခံက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) နဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်ဒေသက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာနှစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူ ကိုးယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။