ချင်းပြည်နယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ခြောက်ဦးရှိလာ၊ ကလေးမြို့မှာလည်း ပိုးတွေ့လူနာ တွေ့ရှိ

2021-06-03
Share

ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီးခါးမြို့မှာ ကိုဗစ်ကြောင့် မေလ ၃၀ ရက်နေ့က ကိုဗစ်ရောဂါနဲ့ ကိုယ်ဝန် ဆောင် တစ်ဦး သေဆုံးခဲ့ပြီး ဇွန်လ ၁ ရက်နေ့ကလည်း ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးနဲ့ ဒီနေ့ သုံးဦး သေဆုံးခဲ့ပါတယ်။ ဖလမ်းမြို့မှာလည်း ဇွန် ၂ ရက် မနေ့က ပိုးတွေ့သူတစ်ဦး သေဆုံးခဲ့တာကြောင့် ချင်း ပြည်နယ်မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ခြောက်ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

ကိုဗစ် 19 ရောဂါဖြစ်ပွားမှု ကမ္ဘာမှာ ဒုတိယအများဆုံးဖြစ်နေတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ နယ်နိမိတ်ဖြစ်တဲ့ ချင်းပြည်နယ်ထဲမှာ ပိုးကူးစက်မှုနှုန်းတွေ ပြန့်လာနေပါတယ်။

ဇွန် ၃ ရက် ဒီကနေ့ နောက်ဆုံးတွေ့ရှိချက်အရ ချင်းပြည်နယ်မှာ စုစုပေါင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၁၈၃ ယောက်ရှိနေပြီလို့ သိရပါတယ်။

တွန်းဇံနဲ့ ကျီးခါးမှာ ကိုဗစ်ရောဂါဖြစ်ပွားသူ ၁၆၇ ယောက်ရှိလာနေပြီး ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဆေးဝါးနဲ့ကုသရေးပိုင်းမှာ ဝန်ထမ်းမလုံမလောက်ဖြစ်နေရတယ်လို့ တွန်းဇံ ဆေးရုံအုပ်ကြီးက RFA ကို ပြောပါတယ်။

“လောလောဆယ်တော့ ၁၆၇ ယောက်ရှိပြီ။ ပြီးတော့ ဒီနေ့မနက်မှာ ကျီးခါးမှာ နှစ်ယောက် ဆုံးသွားတယ်။ တွန်းဇံမြို့နယ်မှာတော့ စုစုပေါင်း ယောက်ယောက်ရှိသွားပြီးပေါ့။ တွန်းဇံမြို့နယ်ကို Home Stay သတ်မှတ်ထားတယ်။ ပြီးတော့ အခုလောလောဆယ်တော့ ဖျားနာလူနာတော့ များနေတယ်။ အခုကတော့ ဝန်ထမ်းအင်အား မလုံလောက်တာရယ်၊ ဆေးပစ္စည်းပေါ့။ ဆေးပစ္စည်းဆိုတာက အောက်ဆီဂျင်တို့ ဘာတို့ တော့ လုံလောက်ပါတယ်။ အလှူရှင်တွေ လှူထားတာရှိတယ်။ ဆေးဝါးလိုအပ်မှုတော့ အခက်အခဲကြုံနေ ရတယ်”

တွန်းဇံနဲ့ ကျီခါးမြို့နယ်ထဲက ကိုဗစ်ရောဂါဖြစ်ပွားသူတွေဟာ မေလ ၁၁ ရက်နေ့လောက်ကတည်းက ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ အနံ့မရတာ၊ အသက်ရှုရခက်တာတွေရှိရပြီး တွန်းဇံမြို့နယ်ဆေးရုံနဲ့ ကျီခါးတိုက်နယ်ဆေးရုံကို မေလ ၂၇ ရက်နေ့ ကစပြီး ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ ဝန်ထမ်းတွေလည်း ပေါ့စတစ် လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို စစ်ကြည့်တော့ အများကြီး တွေ့တယ်လေ"

တွန်းဇန်မြို့နယ်နဲ့ ကျီးခါးမြို့က ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူတွေကို ရောဂါစစ်ဆေးမှုတွေ ကျီခါးမြို့ ထဲမှာပဲ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“လူနာကျတော့ ကိုဗစ်ကို ဆေးရုံမှာ မစစ်ခိုင်းတော့ဘူး။ မြို့ထဲ ဟောခန်းထဲမှာပဲ စစ်ခိုင်းတယ်။ ဆေးရုံ မှာလည်း မဆန့်တော့လို့ ဆေးရုံမှာ မလာခိုင်းတော့ဘဲနဲ့ စစ်ချင်တဲ့လူကျလည်း အိမ်မှာသွားစစ်တယ်။ သူနာပြုဆရာမကို ခေါ်ပြီးတော့ပေါ့။ အဲလို လိုက်စစ်ကြတာ။ ဆေးရုံမှာကျတော့ နည်းနည်းဆိုးတဲ့ လူပေါ့နော်။ အောက်ဆီဂျင်လိုတဲ့ လူနာတွေပေါ့”

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့မှာလည်း မေလ ၂၀ ရက်နေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိလာခဲ့ပြီး စုစုပေါင်း ၁၆ ဦးရှိနေပြီလို့ ဖလမ်းမြို့ခံတစ်ဦးက ဆိုပါတယ်။

“ဖလမ်းကတော့ မနေ့က သေတာ။ မြို့ပေါ်ကပဲ။ ၅၃ နှစ်အရွယ် အမျိုးသမီးပေါ့။ ဇွန် ၁ ရက်နေ့မှာ စစ်တော့ ကိုဗစ်ပိုး တွေ့တယ်။ ဇွန် ၂ ရက်နေ့မှာ ဆုံးသွားတယ်။ ရောဂါတွေ့တဲ့ အိမ်တွေကိုတော့ Stay At Home ပေါ့။ Lockdown ချထားတယ်။ အပြင်မထွက်ခိုင်းဘူး”

ကလေးမြို့မှာလည်း ဝယ်စလီ ပုဂ္ဂလိကဆေးရုံတစ်ခုကနေ ကိုရိုနာဗိုင်းရပ်ပိုးတွေ့သူ ခြောက်ဦး တွေ့ခဲ့ရပြီး ဆေးရုံဝန်ထမ်း ရှစ်ဦးမှာလည်း အဲဒီပိုးတွေ့ထားလို့ ဆေးရုံကို ယာယီပိတ်ထားရပါတယ်။လူနာတွေထဲက သံသယရှိသူတွေကို စစ်ဆေးရုံကိုလွှဲလိုက်ရာကနေ ပိုးတွေ့ခဲ့တာဖြစ်တယ်လို့ ဝယ်စလီ ဆေးရုံအုပ်ကြီး ဒေါက်တာ Dr Lalfakzualaက ပြောပါတယ်။

kalay-covid.jpg
(ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသပေးနေတဲ့ ကလေးမြို့ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေကို တွေ့ရစဉ်)

“ဒီလိုပဲ ဖျားပြီး ချောင်းဆိုးတဲ့လူနာတွေကို ကျွန်တော်တို့ လက်ခံမိတယ်ပေါ့၊ နောက်ပိုင်းသံသယဖြစ်လာ တာပိုပိုများလာတဲ့အခါကျတော့ ပြည်သူ့ဆေးရုံကို အဓိက စစ်ဆေးရုံကို လွှဲတာပေါ့၊ ဟိုမှာစစ်တော့ လွှဲသမျှနီးပါး ပေါစတစ် အဖြေထွက်နေတာပေါ့လေ၊ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း ပေါ့စတစ် လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို စစ်ကြည့်တော့ အများကြီး တွေ့တယ်လေ။ ဒါကြောင့် ပိတ်ရတာပေါ့ လော့ဒေါင်းချရတာပေါ့’’

ကလေးမြို့ဆေးရုံမှာ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အများစုရှိလို့ ကုသရေးပိုင်းမှာ ဝန်ထမ်းမလုံမလောက်ဖြစ်နေတာ တွေ့ရတယ်လို့ ဒေါက်တာ Dr Lalfakzuala က ပြောပါတယ်။

ကလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာတွေကို သီးသန့်ထားတဲ့ အဆောက်အဦးတစ်ခုမှာ ခွဲခြားထားကာ စောင့်ကြည့်အနေနဲ့ထားရှိပြီး ဒီကနေ့ ဇွန်လ ၃ ရက်နေ့ကစပြီး ကလေး တစ်မြို့လုံးကို လော့ဒေါင်းချ ထားတယ်လို့ သိရပါတယ်။ ကလေးမြို့က အဲဒီ ပိုးတွေ့လူနာတွေရဲ့ နောက်ခံ အချက်အလက်တွေကိုလည်း စုံစမ်းနေဆဲပဲလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစတင်ဖြစ်တဲ့ လွန်ခဲ့တဲ့ ၂၀၂၀ မတ်လကစပြီး ၂၀၂၁ ဇွန်လ ၂ ရက်နေ့အထိ ပိုးတွေ့သူ ၁၄၃,၈၂၃ ရှိပြီး သေဆုံးသူ ၃၂၁၉ ယောက်ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့