မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်နဲ့ရွှေလီမြို့တွေမှာ အခုရက်ပိုင်း မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်လာနေတယ်လို့ ရွှေလီနဲ့မူဆယ်မြို့တွေမှာနေထိုင်တဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံ ရွှေလီမြို့မှာဆိုရင် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို သူတို့နေထိုင်တဲ့ တိုက်ခန်းတွေ ထဲအထိ ဝင်ရောက်ဖမ်းဆီးတာမျိုးရှိတယ်လို့ ရွှေလီမြို့ လူမှုကူညီရေးအသင်း က ဦးစိန်မြင့် ကပြောပါတယ်။
ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ တရုတ်ဘက်က မြန်မာဘက်အခြမ်းကိုတော့ ဘာမှအကြောင်းကြားတာမျိုးမရှိဘူးလို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နေထိုင်ခွင့်စာအုပ်မရှိတဲ့ မြန်မာနိုင်ငံသားတွေကို အခုလ ၂၀ ရက်နေ့ နောက်ဆုံးထားထွက်ပေးဖို့ဆိုတဲ့သတင်းတွေ နယ်စပ်မှာထွက်ပေါ်နေမယ့် တရုတ်ဘက်ကတရားဝင် အကြောင်းကြားတာမျိုးမရှိကြောင်း အရင်ကလည်း တရုတ်နှစ်ကူးလတွေမှာ ဒီလိုပဲဖမ်းဆီးမှုတွေရှိတတ်ကြောင်း လဝက အရာရှိတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ လေးရက်အတွင်း ရွှေလီဘက်မှာ အထောက်အထားမပြည်စုံတဲ့ မြန်မာနိုင်ငံသား ၂၄၀ ကို ဖမ်းဆီးထားပြီး အဲအထဲက အသက် ၁၈ နှစ် မပြည့်တဲ့သူတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတချို့ကိုတော့ ပြန်လွှတ်ပေးတယ်လို့ မူဆယ်မြို့ ကရုဏာလူမှုကူညီရေးအသင်းက ဦးသောင်းထွန်း ပြောပါတယ်။
မူဆယ်နယ်စပ်ကနေ တရုတ်နိုင်ငံကို သွားရောက်တဲ့အခါမှာ လည်ပတ်ခွင့်ကဒ်၊ စာအုပ်အနီတွေကို နယ်စပ် ဂိတ်တွေမှာ တံဆိပ်ရိုက်နှိပ်ပြီး သွားလာကြရတာပါ။
မြန်မာပြည်မကလာတဲ့သူတွေဆိုရင် တစ်ပတ်နေထိုင်ခွင့်ကဒ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ နေထိုင်သူတွေကို စာအုပ်အနီ ထုတ်ပေးထားပါတယ်။ အဲ့ဒီစာအုပ်နဲ့ကဒ်ပြားတွေဟာ ခြောက်ညအိပ်ခုနှစ်ရက်သက်တမ်းပဲရှိတာပါ။
တရုတ်နိုင်ငံထဲမှာနေထိုင်ပြီး အလုပ်လုပ်လိုသူတွေကတော့ တစ်နှစ်စာ နေထိုင်ခွင့်စာအုပ်အစိမ်းကို တရုတ် ယွမ်ငွေရှစ်ရာကျော် မြန်မာငွေ ကျပ်နှစ်သိန်းကျော်လောက် အကုန်အကျခံပြီးလုပ်ကြရတာပါ။
လက်ရှိမှာတရုတ်ဘက်နေထိုင်သူတွေဟာ စာအုပ်အနီတွေနဲ့နေထိုင်ပြီး အလုပ်လုပ်နေသူတွေကို ဖမ်းဆီးစစ်ဆေး တာတွေလုပ်နေသလို ဈေးဝယ်တဲ့သူတွေ သွားရောက်လည်ပတ်သူတွေကိုပါ မသင်္ကာရင်ဖမ်းဆီးနေတာလို့ ရွှေလီမြို့မှာ အလုပ်လုပ်နေသူအချို့ကပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို အရင်က တရုတ်ယွမ်ငါးရာလောက်နဲ့ ရွေးလို့ရပေမယ့် အခုအခါမှာတော့ ပြန်ရွေးလို့ မရတော့ဘူးလို့ဆိုပါတယ်။
တရုတ်ရဲကဖမ်းဆီးပြီးရင် ဆီးစစ်တာတွေပါလုပ်လာပြီး မူးယစ်ဆေးဝါးသုံးလို့ ဆီးမအောင်ရင်မူးယစ်အမှုနဲ့ ထောင်နှစ် နှစ်လောက်အထိချမှတ်သလို ဆီးအောင်သူတွေကိုတော့ နယ်စပ်ကနေ ပြန်လွှဲပေးတာရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို တစ်ပတ်မှာ အင်္ဂါနဲ့ ကြာသပတေးနေ့တွေတိုင်း တရုတ်ဘက်က မြန်မာလဝကကို ပြန်လည်လွှဲပြောင်းပေးလေ့ရှိပြီး ဖမ်းဆီရမိမှုအခြေအနေအနေအရ လူဦးရေ တစ်ရာကနေ ငါရာကြားလောက်အထိရှိတတ်တယ်လို့လည်းသိရပါတယ်။ တရုတ်နယ်စပ် ကျယ်ဂေါင်နဲ့ရွှေလီမှာ အလုပ် လုပ်နေတဲ့ မြန်မာနိုင်ငံသားဦးရေဟာ သိန်းနဲ့ချီရှိတယ်လို့ နယ်စပ်မှာနေထိုင်သူတွေကပြောပါတယ်။
ဒါကြောင့် နှစ်နိုင်ငံ အစိုးရအနေနဲ့အလုပ်သမားတွေရဲ့ အခန်းကဏ္ဍကို စဉ်းစားပေးသင့်တယ်လို့လည်း ဦးစိန်မြင့် ကပြောပါတယ်။
မူဆယ်ကနေ တရုတ်နိုင်ငံဘက်ကို နန်းတော် ၊ဆင်ဖြူနဲ့မန်ဝိန်းဂိတ်ပေါက်သုံးခုကနေ နေ့စဉ်လူဦးရေ ၂၂၀၀ နဲ့ ၂၄၀၀ ကြား ဝင်ထွက်သွားလာနေကြတာမှာ တရုတ်ဘက်က ၂၀၁၉ ဇန်နဝါရီ ၁ ရက်နေ့ကနေစပြီး လူဝင်ထွက်မှု အတွက် စက်ပစ္စည်းနဲ့နည်းပညာတွေကို ပိုမိုအဆင့်မြင့်တင်တင်းကျပ်နေပါတယ်။
လက်ရှိမှာ ဆင်ဖြူနဲ့နန်းတော်ပေါက်တွေကို မနက်ခြောက်နာရီနဲ့ ည၈နာရီအထိ၊ ကုန်တင်ကားတွေဝင်ရောက်တဲ့ မန်ဝိန်းဂိတ်ပေါက်ကို မနက် ခြောက်နာရီကနေ ဆယ်နာရီခွဲအထိ ဖွင့်လှစ်ထားပြီး လူဝင်လူထွက်တွေကို လက်ခံ ဆောင်ရွက်နေတာပါ။
တရုတ်ဘက်က နည်းပညာအဆင့်မြင့်တင်မှုတွေလုပ်ပြီးနောက်ပိုင်း လူဝင်လူထွက်တွေကို ပိုမိုစီစစ်လာသလို တရုတ်ထဲဝင်မယ့် မြန်မာနိုင်ငံသားတွေနယ်စပ်မှာ ပိုမိုတန်းစီစောင့်ရတာတွေရှိလာပါတယ်။ လက်ရှိမှာ တရုတ် ထဲမှာနေထိုင်မယ့်သူတွေကို နေထိုင်ခွင့်စာအုပ်တွေလုပ်ကိုင်ကြဖို့ ညွှန်ကြားထားပြီး စာအုပ်မရှိသူတွေကို ဆက်တိုက်ဖမ်းဆီးမယ့် အခြေအနေဖြစ်နေတယ်လို့ ရွှေလီမြို့မှာ နေထိုင်သူအချို့က ပြောပါတယ်။
0:00 / 0:00