အုတ်ဖိုမှာ ရွာသုံးရွာ မီးရှို့ခံရပြီး ဒေသခံ ငါးဦးထက်မနည်း သတ်ဖြတ်ခံရ

စစ်ကြောင်းထိုးစဥ် ရွာတွေ မီးရှို့ခံရပြီး ရွာသား ငါးဦးကိုလည်း သတ်ဖြတ်ခဲ့ဟု ဒေသခံတွေ ပြောကြား။

ပဲခူးတိုင်း အနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်က ​ကျေးရွာသုံးရွာကို မီးရှို့ခဲ့ပြီး စစ်ကြောင်းထိုးနေစဉ် အတောအတွင်းမှာလည်း လူ ငါးဦးထက်မနည်း သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်တပ်က ဇွန်လ ၁ ရက်နေ့မှာ ချောင်းခွကျေးရွာ၊ ကျွဲတဲကုန်းကျေးရွာ နဲ့ ချောင်းဆုံလေးကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့ပြီး နေအိမ်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။ အဲဒီမှာ သတ်ဖြတ်ခံရတဲ့ ရွာသား ငါးဦးရဲ့ ရုပ်အလောင်းတွေကိုလည်း တံတားတစ်ခုပေါ် စုပုံထားတာကို မျက်မြင်တွေ့ရှိခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်ရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်တပ်က ရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အုတ်ဖိုဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“လက်ရှိ စစ်ကြောင်းတွေက ရွာတွေမှာပတ်ပြီး မီးရှို့နေပါတယ်။ ရွာစဉ်တွေပတ်ပြီးတော့လည်း စစ်ကြောင်းတွေ ထိုးနေပါတယ်။ ရွာသားတွေလည်း စစ်ဘေးရှောင်နေရပါတယ် ရှင့်။ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီအထောက်ပံ့တွေ လိုအပ်နေတယ် ရှင့်။”

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က အုတ်ဖိုမြို့နယ် ကိုင်းကြီးရွာက စစ်ဘေးဒုက္ခသည်တွေဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ် ဦးအေးကြီး နဲ့ အသက် ၄၀ ဝန်းကျင် ဦးဖိုးဇော် တို့ နှစ်ဦး စစ်ကြောင်းနဲ့တွေ့ပြီး စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ်က ချောင်းခွရွာကြီးရွာကို မေလ ၂၇ ရက်နေ့မှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အဲဒီက စာသင်ကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးထိခိုက်ခဲ့သလို အသက် ၅၀ ဝန်းကျင် ဦးဘိုလေး ခေါ် ဦးပေါ်လှ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသလို RFA အနေနဲ့လည်း သီခြား စုံစမ်းအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အုတ်ဖိုမြို့နယ်ကို စစ်တပ်က ပြီးခဲ့တဲ့ မေလ ၂၆ ရက်ထဲက စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ၂၅ ရွာထက်မနည်းက လူဦးရေ နှစ်သောင်းခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း အုတ်ဖိုမြို့နယ်မှာ ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့တာ၊ ဒေသခံတွေကို သတ်ဖြတ်တာတွေရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။