လွယ်ဂျယ်နယ်စပ်ဂိတ် ပိတ်ထားလို့ ကုန်ကားတွေ ပိတ်မိနေ

ကချင်ပြည်နယ် လွယ်ဂျယ်မြို့က မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းကို မတ်လ ၁၈ ရက်က စပြီး ပိတ်ထားရာ မြန်မာဘက်က ကုန်တွေတင်ထားတဲ့ ကားအစီးရေ ၂၀၀ ကျော် ပိတ်မိနေတယ်လို့ ကုန်ကား ပိုင်ရှင်တွေက ပြောပါတယ်။

တရုတ်ပြည် လားရင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လို့ နယ်စပ်ကုန်သွယ်ရေးစခန်းကို တရုတ် အာဏာပိုင်တွေဘက်က ပိတ်လိုက်တာလို့ လွယ်ဂျယ်မှာနေတဲ့ ကုန်ကားပိုင်ရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဂိတ်တွေက ဖွင့်လိုက် ပိတ်လိုက်ပဲ။ အခုပိတ်တဲ့အကြောင်းအရင်းက သူတို့ဆီမှာ ပိုးတွေ့လို့ပေါ့။ ငှက်ပျောတွေ တောင်ပေါ်တွေမှာ တောင်ပုံယာပုံဗျ ပစ်ထားတာ၊ အမှိုက်ပုံတွေလည်း ငှက်ပျောတွေ က ပြည့်နေပြီ။ မိုးမောက်ကနေ လွယ်ဂျယ်ထိ ကုန်တင်ထားတဲ့ကား အစီး ၂၀၀ ကျော်လောက် ပိတ်နေတယ်”

ငှက်ပျောသီးကုန်တွေ တင်ထားတဲ့ကုန်ကားအများစု ပိတ်မိနေကြတာဖြစ်လို့ ရက်ကြာလာတဲ့အမျှ ငှက်ပျောသီး တွေ ပုပ်ကုန်လို့ လုပ်ငန်းရှင်တွေရော၊ ကားသမားတွေရော ဆုံးရှုံးမှု တအားများတယ်လို့ ဗန်းမော်-လွယ်ဂျယ် သွားနေတဲ့ ကုန်ကားပိုင်ရှင် နောက်တစ်ဦးကလည်း ပြောပါတယ်။

ဗန်းမော်ကနေ လွယ်ဂျယ်တစ်ဖက်ကမ်း တရုတ်ပြည်ကို ကုန်တွေပို့ရာမှာ တစ်လလောက် အချိန်ယူ ရပြီး ခုလို နယ်စပ်ဂိတ်ပိတ်လိုက်ပြီး ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ မကြေညာသေးတဲ့အတွက် အခက်အခဲ တွေ့နေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက တရုတ်ပြည်ဘက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့တယ်ဆိုပြီး မတ်လ ၁ ရက်ကနေ ၃ ရက်အထိ လွယ်ဂျယ်နယ်စပ်ဂိတ် ယာယီပိတ်ခဲ့ရာ ပြန်ဖွင့်တာရက်ပိုင်းပဲရှိသေးချိန်မှာ တရုတ်အာဏာ ပိုင်တွေဘက်က ခုလိုပြန်ပိတ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လကလည်း ကိုဗစ်ရောဂါတွေကြောင့် လွယ်ဂျယ်နယ်စပ်ဂိတ်ကို ခြောက်လကြာ ပိတ်ထားပြီး ဒီဇင်ဘာ ဒုတိယပတ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှာလည်း မြန်မာပို့ကုန်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံက ဆန်၊ ဆန်ကွဲ အပါအဝင် မြန်မာပို့ကုန် ခုနစ်မျိုးကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က ယာယီကန့်သတ်ထားတယ်လို့ မူဆယ်က ကုန်သည်တွေက ပြောပါတယ်။