လောက်ကိုင်မှာ တရုတ်နိုင်ငံသား ၃၈၀ နီးပါးကို ဖမ်းဆီး

RFA Burmese
2023.09.28
လောက်ကိုင်မှာ တရုတ်နိုင်ငံသား ၃၈၀ နီးပါးကို ဖမ်းဆီး “ဝ” ပြည်နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားများ (၁၂၀၇ ဦး) အား တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံသို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က လွှဲပြောင်းပေးခဲ့စဉ်။
WSTV

အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုနဲ့ ကာစီနိုလောင်းကစားတွေမှာ နာမည်ကြီးတဲ့ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မှာ တရားမဝင်နေထိုင်တယ်ဆိုတဲ့ တရုတ်နိုင်ငံသား ၃၇၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တာဝန်ရှိသူ တစ်ဦးက စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

စက်တင်ဘာ ၂၅ နဲ့ ၂၆ ရက်တွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူတို့ကို တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းမယ်လို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“အခုတော့ ကျွန်တော်တို့ အမှုဖွင့်ပြီးမှ လ.ဝ.က ဝန်ကြီးဌာနရဲ့ ပြည်နှင်ခွင့် စောင့်နေတယ်။ ပြည်နှင်ခွင့်ရရင်တော့ တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းမှာ ဖြစ်ပါတယ်ခင်ဗျ။ စုစုပေါင်း ၃၇၇ ယောက်ပါ”

ဒီတရုတ်နိုင်ငံသားတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်လားဆိုတဲ့ မေးမြန်းမှုပေါ်မှာတော့ ရှင်းရှင်းလင်းလင်းပြောဆိုတာ မရှိဘဲ တရားမဝင် ဝင်ရောက်လာတဲ့အတွက် ဖမ်းဆီးတာသာဖြစ်တယ်လို့ သူက ဆိုပါတယ်။

လောက်ကိုင်မြို့ခံတစ်ဦးကတော့ ဒီရက်ပိုင်း မြို့ပေါ်မှာ အခြေအနေတွေပုံမှန်ရှိနေပေမယ့် လောက်ကိုင်ကနေ နေရပ်ပြန်တဲ့သူတွေ အရင်ထက်ပိုများပြားနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုးကန့်ဒေသ လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ UWSA ဝတပ်ဖွဲ့ ထိန်းချုပ်တဲ့ ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်မြို့နယ်တွေအပြင် မြဝတီရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း နေရာတွေဟာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ သူတို့နဲ့ ဆက်စပ်တဲ့ လူကုန်ကူးလုပ်ငန်းတွေကြောင့် ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒေသတွေ ဖြစ်ပါတယ်။

လောက်ကိုင် ဒေသဦးစီးအဖွဲ့ တာဝန်ရှိသူကတော့ လောက်ကိုင်ဒေသအတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းဖို့အတွက် စစ်ကောင်စီဗဟိုအစိုးရနဲ့ ချိတ်ဆက်ဆောင်ရွက် နေတယ်လို့ ပြောပါတယ်။

၀ တပ်ဖွဲ့ကတော့ သူတို့ ထိန်းချုပ်ရာဒေသအတွင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပါဝင်တဲ့ တရုတ်နိုင်ငံသား ၁၃၀၀ ကျော်ကို အခုလဆန်းပိုင်းမှာပဲ တရုတ်နိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။