မြန်မာပို့ကုန်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံက ဆန်၊ ဆန်ကွဲအပါ အဝင် မြန်မာပို့ကုန် ခုနစ်မျိုးကို ယာယီကန့်သတ်လိုက်တယ်လို့ မူဆယ်နယ်စပ်မှာ နေထိုင်တဲ့ ကုန်သည်အချို့က ပြောပါတယ်။
တရုတ်နိုင်ငံဘက်က ကန့်သတ်လိုက်တဲ့ ကုန်တွေမှာ ဆန်၊ ဆန်ကွဲ၊ ငရုတ်သီးစိမ်း၊ ရေထွက် ပစ္စည်းတွေ ၊ အေးခဲ အောင် ထုပ်ပိုးထားတဲ့ ကုန်ပစ္စည်းတွေ၊ လူသုံးကုန်နဲ့ စားသောက်ကုန်အချို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီကန့်သတ်ချက်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကပင် တရုတ်အွန်လိုင်းစာမျက်နှာတွေမှာ ပေါ်ထွက်လာတာ ဖြစ်သလို မြန်မာနယ်စပ်က ကုန်သည်အသင်းတွေဘက်ကလည်း ကန့်သတ်ချက်နဲ့ ပတ်သက်လို့ ကုန်သည်တွေကို အသိပေးလာတယ်လို့ မူဆယ်နယ်စပ် ကုန်သည်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လဆန်းပိုင်းက တရုတ်-မြန်မာ အဓိကကုန်သွယ်ဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်မှာ တရုတ်ဝန်ထမ်းအချို့ ကိုဗစ်ကူးစက်ခံရလို့ အဲဒီဂိတ်ကို ၁၀ ရက်ခန့် ပိတ်ထားခဲ့ရာကနေ မတ်လ ၁၃ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တာပါ။
ဒါပေမဲ့ တရုတ်နိုင်ငံဘက်က အခုလိုကန့်သတ်မှုတွေ ပြန်လုပ်ခဲ့တာကြောင့် ယခင်ကပင် ကုန်သွယ်မှုအဆင်မပြေ ဖြစ်နေတဲ့ ကုန်သည်တွေအတွက် ပိုပြီး အကျပ်ရိုက်စေတယ်လို့ မူဆယ်နယ်စပ် ဆန်စပါးကုန်စည်ဒိုင်အသင်း အတွင်းရေးမှူး ကိုသန်းဗိုလ်ဦးက ပြောပါတယ်။
“အရင် ဝင်ခွင့်ရတုန်းကလည်း တစ်ရက်မှာ ကားတစ်စီး၊ နှစ်စီးပဲ ဝင်နိုင်တာ။ အခုတော့ ရပ်ထားရတာ နှစ်ရက်ရှိ သွားပြန်ပြီ။ ယာယီလို့ဆိုပေမယ့် ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာကို မသိသေးဘူး”
တရုတ်နိုင်ငံက ကိုဗစ်အကြောင်းပြချက်နဲ့ မူဆယ်နယ်စပ်ဂိတ်အပါအဝင် ကုန်သွယ်ရေးဂိတ် အားလုံးကို ၂၀၂၁ ဇူလိုင်ကနေ နိုဝင်ဘာလ နောက်ဆုံးပတ်ထိ ပိတ်ထားခဲ့တာပါ။
နိုဝင်ဘာလ ၂၆ ရက်နောက်ပိုင်း ဂိတ်တွေ ပြန်ဖွင့်ချိန်မှာတော့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နဲ့ တရုတ် အကောက်ခွန်စနစ်ပြောင်းလဲမှုကြောင့် မြန်မာကုန်သည်တွေအနေနဲ့ တရုတ်ကို ကုန်ပစ္စည်းတင်ပို့ရာမှာ အချိန်နဲ့ ငွေကြေးကုန်ကျမှုတွေ ပိုများလာတယ်လို့ နယ်စပ်ကုန်သည် တွေက ပြောပါတယ်။