မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ ဖိုင်းကောင်းစစ်ဘေးဒုက္ခသည်စခန်းဘေး ဝမ်တိန်ချောင်းအနီးမှာ တရုတ်နိုင်ငံဘက်က သံဆူးကြိုးတွေကာရံနေတယ်လို့ ဖိုင်းကောင်းရွာဒေသခံတွေက ပြောကြပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လဆန်းပိုင်းက ပန်ဆိုင်းမြို့နယ် ကောင်းစထီးရွာမှာ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ စစ်ကောင်စီ တပ်တွေရဲ့ တိုက်ပွဲကြောင့် ရွာပေါင်း ခြောက်ရွာက အိမ်ထောင်စုပေါင်း နှစ်ရာကျော် လူဦးရေ ၁၄၀၀ ကျော် တို့ဟာ ဖိုင်းကောင်းရွာအနီး စစ်ရှောင်စခန်းအဟောင်းနဲ့ ဝမ်တိန်ချောင်းဘေး လယ်ကွင်းတွေမှာ ထွက်ပြေး ခိုလှုံနေကြရတာပါ။
တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ နယ်စပ်မျဉ်းမှာ အခုလို ခိုလှုံလာတဲ့အချိန်မှာပဲ တရုတ် အာဏာပိုင်တွေဘက်က ဝမ်တိန်ချောင်းဘေးမှာ ယခင်က သူတို့နယ်နိမိတ်ဆိုပြီး အုတ်ဘောင်ခတ်ထားတဲ့ အပေါ်မှာ လူဝင်လို့မရအောင် သံတိုင်တွေကာရံခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
ဒါ့အပြင် နယ်စပ်မျဉ်းတစ်လျှောက် တရုတ်ဘက်အခြမ်းမှာ သံဆူးကြိုးတွေကာရံထားပြီး CCTV တွေနဲ့ စောင့်ကြည့်ပြီး လုံခြုံရေးတွေလည်း တိုးမြှင့်နေတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းက ဖိုင်းကောင်းဒုက္ခသည်စခန်းအနီး တရုတ်ဘက်က မြေတူးပြီး ခြံစည်းရိုးခတ်ဖို့လုပ်ခဲ့တာမှာ မြန်မာနယ်နိမိတ်ထဲပါနေလို့ဆိုပြီး ဒေသခံတွေ ကန့်ကွက်ခဲ့ကြပါတယ်။
ပန်ဆိုင်းနဲ့ မုံးကိုးမြို့တွေဟာ တရုတ်နိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ MNDAA နဲ့ တပ်မတော်တို့ အဲဒီဒေသထဲမှာ တိုက်ပွဲဖြစ်ခဲ့ချိန်တုန်းက ဒေသခံတွေဟာ တရုတ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။