တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ပို့ကုန်တွေ မြန်မြန်ရောက်ဖို့ ရထားလမ်းသစ်ဖောက်လုပ်ပြီး စတင်ပြေးဆွဲနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံအတော်များများရဲ့ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံက ပြန်ထွက်ခွာနေချိန်မှာ တရုတ်ဘက်က မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး တိုးချဲ့လာနေတာလည်း ဖြစ်ပါတယ်။
အခု အသစ်ဖောက်လုပ်ထားတဲ့ ချုံချင်း-လင်ချန်း-မြန်မာ ရထားလမ်းကနေ ကုန်သွယ်မယ်ဆိုရင် အရင်ထက် ရက်ပေါင်း ၂ဝ ပိုပြီး မြန်ဆန်မှာဖြစ်ပြီး၊ ကုန်သွယ်မှု အရင်းအနှီးလည်း ၂ဝ ရာခိုင်နှုန်း သက်သာသွားမယ်လို့ တရုတ်ဘက်က ပြောပါတယ်။
အဲဒီရထားဟာ မြန်မာနိုင်ငံ ချင်းရွှေဟော်မြို့ကို ဆိုက်ရောက်မှာဖြစ်ပြီး၊ ချင်းရွှေဟော်ကတစ်ဆင့် မန္တလေးမြို့ကို ကုန်ကားတွေနဲ့ ပစ္စည်းတွေသယ်ယူဖို့ တရုတ်ဘက်က စီစဉ်ထားပါတယ်။
မန္တလေးက ငါးရှဉ့်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတိုင်းကျော်ကတော့ တရုတ်ဘက်ကလာမယ့် ကုန်တွေကို ရထားလမ်းသစ်ဖောက်ပြီး ကုန်သွယ်နေပေမယ့် မြန်မာဘက်က ပြန်ပို့တဲ့ကုန်တွေကတော့ နယ်စပ်လမ်းကြောင်းကနေ တရုတ်ဘက်က ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ပို့နေရတယ်လို့ ပြောပါတယ်။
ဒီရထားလမ်းကနေ နှစ်နိုင်ငံကုန်သွယ်ဖို့ ပြီးခဲ့တဲ့ အစိုးရတွေလက်ထက်ကတည်းက ဆွေးနွေးနေခဲ့တာဖြစ်ပြီး၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂ဝ၂ဝ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဉ်မှာလည်း ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။
ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါဒဏ်ကြောင့် ရထားလမ်းဖောက်လုပ်မှု နှောင့်နှေးခဲ့ရပြီး အခုမှ ရထားစတင်ပြေးဆွဲနိုင်တာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ လေးဘီလီယံ ကျော်ရှိခဲ့ပြီး၊ အဲဒီထဲက ၆၆ ရာခိုင်နှုန်းကျော်ဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ကို တရုတ်ဘက်က အကူအညီတွေ အကာအကွယ်ပေးတာတွေ ရပ်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ဒီမိုကရေစီရေးလိုလားသူတွေက တရုတ်အစိုးရကို ဖိအားပေးတောင်းဆိုနေကြပါတယ်။