အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးအပေါ် ချဉ်းကပ်မှုတွေက ရှေ့နောက်မညီ ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပြီးတစ်ပတ်အကြာမှာ တရုတ်ဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်တဲ့ မူကို ကျင့်သုံးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ဂျင် (Lin Jian) က သတင်းစာရှင်းလင်းပွဲကနေတစ်ဆင့် ပြောလာပါတယ်။
တရုတ်နဲ့ မြန်မာနိုင်ငံဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းတွေဖြစ်ကြပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို တရုတ်က အားပေးထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ဂျင်က ဖေဖော်ဝါရီ ၇ ရက်မှာ ပြောလိုက်တာပါ။
ပုံမှန်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ်နဲ့ တရုတ်သမ္မတ ဖေဖော်ဝါရီ ၆ ရက်က တွေ့ဆုံချိန်မှာ မြန်မာ့အရေးနဲ့ စပ်လျဉ်းပြီး တစ်စုံတစ်ရာ ထူးထူးခြားခြား ဆွေးနွေးခဲ့သလားလို့ အင်ဒိုနီးရှား Antara သတင်းက မေးမြန်းတာကို တုံ့ပြန်ဖြေဆိုခဲ့တာပါ။
နိုင်ငံရေးရင်ကြားစေ့ရေးအတွက် ပါတီတွေ ညှိနှိုင်းနေတာနဲ့ နိုင်ငံရေးအသွင်ပြောင်းလဲရေး လုပ်ငန်းစဉ် ပြန်စတင်တာကို ထောက်ခံတယ်လို့လည်း သူက ပြောပါတယ်။ မြန်မာဟာ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံ များအသင်းက မရှိမဖြစ် အရေးပါတဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ က ထည့်သွင်းပြောခဲ့ပါတယ်။
အာဆီယံစည်းလုံးညီညွတ်နေပြီး မြန်မာနိုင်ငံတည်ငြိမ်ရေး အထောက်အကူအဖြစ် ဘုံသဘောတူချက် ငါးချက် အကောင်အထည်ဖော်ရေးမှာ အာဆီယံက အပြုသဘောဆောင် အဓိကကြားဝင်ဆောင်ရွက်တာကို တရုတ်နိုင်ငံက ထောက်ခံတယ်လို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်ကဖိအားပေးတာ၊ NUG နဲ့ မပတ်သက်ဖို့ ဖိအားပေးတာတွေကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးချဉ်းကပ်မှုဟာ ရှေ့နောက်မညီ ဖြစ်နေတယ်လို့ ဇန်နဝါရီလ ၂၉ ရက်နေ့က အွန်လိုင်းကတစ်ဆင့် ကျင်းပတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ခဲ့ပါတယ်။