စစ်မှုထမ်းဥပ‌ဒေကြောင့် ခိုလှုံသူ တစ်ထောင်နီးပါး PDF တပ်ဖွဲ့ဝင်တွေဖြစ်လာ

RFA Burmese
2024.06.06
စစ်မှုထမ်းဥပ‌ဒေကြောင့် ခိုလှုံသူ တစ်ထောင်နီးပါး PDF တပ်ဖွဲ့ဝင်တွေဖြစ်လာ တောင်ပိုင်းစစ်ဒေသ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ တွေ့ရစဉ်။
တောင်ပိုင်းစစ်ဒေသ

Updated 5:47 PM Jun 6, 2024

စစ်မှုထမ်းဥပဒေကြောင့် ခိုလှုံလာခဲ့သူ တစ်ထောင်နီးပါး (၉၅၉ ဦး) ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖြစ် သင်တန်းပေးနိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဇွန်လ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။⁣

‌ဇွန် ၅ ရက် မနေ့က သင်တန်းဆင်းနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်လာတာပါ။ တောင်ပိုင်းစစ်ဒေသဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတာပါ။ ⁣

စစ်မှုထမ်းဥပဒေကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခိုလှုံလာသူ လူဦးရေ တစ်ထောင်နီးပါးကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၃ က စိစစ်လက်ခံခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလမှာ အခြေခံစစ်ပညာသင်တန်းတွေနဲ့ သက်ဆိုင်ရာဌာနအလိုက် ကျွမ်းကျင်မှုသင်တန်းတွေ သင်ကြားပို့ချပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။⁣

နောက်ထပ် လက်နက်ကိုင်လမ်းစဉ် ရွေးချယ်ခိုလှုံလာတဲ့ အခြေအနေကိုသိရဖို့ တောင်ပိုင်းစစ်ဒေသက တာဝန်ရှိသူတချို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။⁣

မန္တလေးတိုင်းက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦးကတော့ စစ်ကောင်စီက ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေကြောင့် လက်နက်ကိုင်လမ်းကို ရွေးချယ်နေကြတာလို့ RFA ကို ပြောပါတယ်။

"ပထမတော့ မိသားစုငဲ့ပြီး တွေဝေနေတာ၊ အခုတော့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့ ပြင်ဆင်ထားတာဖျက်ပြီး လက်နက်ကိုင်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အခု ပြင်ဆင်နေတယ်၊ ချိတ်ဆက်နေတုန်းပေါ့။ အဓိကတော့ မတရားမှုတွေ၊ ပြည်သူတွေကို သတ်ဖြတ်ညှဉ်းးပန်းမှုတွေ မြင်ရ၊ ကြားရတာ များလာတော့မခံစားနိုင်လို့။ လူငယ်အများစုလည်း ကျွန်တော့်လိုပဲ ဖြစ်မှာပါ။ စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ ဒီလမ်းပဲ ကျန်တော့တယ်၊ ကျွန်တော်တို့အတွက်"

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းပြီးနောက် လူငယ်တွေဟာ စစ်ကောင်စီအတွက် စစ်မှုမထမ်းချင်လို့ ပြည်ပနိုင်ငံတွေဆီ နည်းလမ်းမျိုးစုံနဲ့ တိမ်းရှောင်ခဲ့ကြသလို လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သူတွေလည်း အများအပြားရှိလာတာပါ။⁣

စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) နဲ့ (၂) ဖွင့်ခဲ့ပြီး အခုနောက်ထပ် အပတ်စဉ် (၃) အတွက် လူသစ်စုဆောင်းနေပါတယ်။⁣

ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (Burma Affairs and Conflict Study – BACS) ရဲ့ မေ ၂၉ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဉ် (၁) နဲ့ (၂) အတွက် သင်တန်းကျောင်းပေါင်း ၂၁ ကျောင်း ဖွင့်လှစ်ထားပြီး အပတ်စဉ် နှစ်ခုပေါင်းအတွက် လူဦးရေ ကိုးထောင်ခန့် စုဆောင်းထားတယ်လို့ ဖော်ပြထားပါတယ်။

(မှတ်ချက် - မန္တလေးမြို့ခံ လူငယ်တစ်ဦး၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။