မင်းပြားမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့ ကင်းဆိပ်ရပ်ကွက်ကို မတ်လ ၃ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်က ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မြို့ ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ည ၁၀ နာရီ ၂၀လောက်မှာ ဂျက်လေယာဉ်နဲ့ ဗုံးတစ်လုံးလာချသွားတာပါ။ ဦးမောင်ဖြူနေအိမ်မှာ ကျပါတယ်။ မိန်းမတစ်ယောက်နဲ့ ယောကျ်ားတစ်ယောက် ဒဏ်ရာရသွားတယ်။ မိန်းမမှာက ခြေထောက်ဖြတ်ရမယ်။ နှစ်ယောက်လုံး ဒဏ်ရာပြင်းပါတယ်။ အခုတစ်လော နေ့တိုင်းလိုလို စစ်တပ်က ဂျက်လေယာဉ်နဲ့ လာပြီး ဗုံးချပါတယ်”

မတ်လ ၁ ရက်နေ့ကလည်း အခုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကင်းဆိပ်ရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးငါးလုံးကြဲချခဲ့တာကြောင့် လေးဦးဒဏ်ရာခဲ့ပြီး နေအိမ်ပျက်စီးထိခိုက်မှုတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကကတော့ မင်းပြားမြို့နယ် သေကန်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပဲ မင်းပြားမြို့မြို့နယ် မင်းဖူးဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဆေးရုံရဲ့ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေတဲ့ အရပ်သားတွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်မှုရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲသုံးလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့အရပ်သား ၁၁၁ဦးနဲ့ ဒဏ်ရာရသူ ၃၅၇ ဦးအထိရှိနေကြာင်း AA က ပြောဆိုထားပါတယ်။