ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့မှာ တိုက်ပွဲဖြစ် စစ်ကောင်စီဘက်က သုံးဦးသေဆုံး

ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကျင်းပသည့် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ တွေ့ရစဉ်
ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကျင်းပသည့် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ တွေ့ရစဉ် (Photo: Chin National Organization)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက ရိခေါ်ဒါရ်မြို့မှာ မတ်လ ၁၂ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ် စခန်းတစ်ခုကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ဝင်တိုက်ပွဲခဲ့လို့ စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့တယ်လို့ CNO/CNDF ရဲ့ ပြောရေး ဆိုခွင့်ရှိသူက RFA ကိုပြောပါတယ်။

ဒီမနက် ၆ နာရီဝန်းကျင် အိန္ဒိယ-မြန်မာ နယ်စပ်၊ ရိခေါ်ဒါရ်မြို့ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

"မနက် ၆ နာရီလောက်ကနေ အမှတ် ၂ ရပ်ကွက်ထဲက စခန်းအသစ်ချထားတဲ့နေရာကို ကျွန်တော်တို့ CNDF ဘက်က သွားပစ်ကြတယ်။ အဲဒီမှာ သူတို့ဘက်က သုံးယောက် ကျတယ်။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူးပေါ့။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပြီး တုံ့ပြန်တာတွေ ရှိခဲ့တယ်"

အဲဒီတိုက်ပွဲဟာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး မနက် ၇ နာရီကျော်မှာ CNDF ဘက်က ပြန်ဆုတ်ခွာခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

အဲဒီ အမှတ် ၂ ရပ်ကွက်မှာ အခု မတ်လဆန်းပိုင်းကစပြီး ခြေလျင်တပ်ရင်း ခ.လ.ရ (၂၆၈) က အင်အား ၃၀ ခန့်နဲ့ တပ်စွဲထားတဲ့ စခန်းတစ်ခုဖြစ်ပြီး အမှတ် ၁ ရပ်ကွက်မှာတော့ အရင်ကတည်းက တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း တစ်ခု ရှိနေပါတယ်။

ဒီမတိုင်ခင်ကလည်း ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNDF) ဟာ ရိခေါဒါရ်မြို့ပေါ် အမှတ် ၂ ရပ်ကွက်က အဲဒီစခန်းကို မတ်လ ၇ ရက်မှာ တစ်ကြိမ်၊ မတ်လ ၅ ရက်မှာ တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးပါတယ်။

စစ်ကောင်စီတပ်နဲ့ CNDF တို့ရဲ့ တိုက်ပွဲတွေကြောင့် ရိခေါဒါရ်မြို့နယ်တစ်ဝိုက်က ဒေသခံ ငါးထောင်ဝန်းကျင်တို့ဟာ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်တစ်လျှောက်တို့မှာ တိမ်းရှောင်ခိုလှုံ နေကြရပါတယ်။