လက်ပံတောင်းတောင်လူထု အခေါင်းတု (၃) ခု မီးရှို့ပြီး ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာ ဒေသခံ ကျေးရွာတွေက လူထု တစ်သောင်းကျော်လောက် ဒီကနေ့ စုဝေးပြီး ပုဒ်မ (၁၄၄) ထုတ်ပြန်ချက်၊ တရုတ် ဝမ်ပေါင် ကုမ္ပဏီနဲ့ မြန်မာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတွေ အပေါ် မကျေနပ်မှုကို ကိုယ်စားပြု ဖန်တီးထားတဲ့ အခေါင်းတု (၃) ခုကို မီးရှို့သဂြိုဟ်ပွဲလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

2012-09-05
Share
copper-mine-090512-b305 ၂၀၁၂ ခုနှစ် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်က လယ်ယာမြေအသိမ်းခံ ဒေသခံလူထုက အခေါင်းတု (၃) ခုကို မီးရှို့ပြီး ဆန္ဒပြနေကြစဉ်။
Photo courtesy of Aung Nay Myo Facebook

ဒီဆန္ဒပြပွဲကို အာဏာပိုင်တွေဘက်က လက်နက်ကိုင် လုံခြုံရေးရဲတွေ ရာနဲ့ချီ ချထားခဲ့ပြီး နှစ်ဖက် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ကြပေမယ့် အခေါင်းတု မီးရှို့သဂြိုဟ်ပွဲကတော့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဒေသခံလူထုနဲ့ အာဏာပိုင်တွေအကြား တင်းမာမှု ဖြစ်ခဲ့ပုံကို ဒေသခံ ကျေးရွာသူတစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

”ရဲတွေက ကျွန်မတို့ လူထုကို ဝိုင်းထားတယ်။ ပုသိမ် မုံရွာလမ်းရှေ့ကို ကျွန်မတို့ မဖြတ်ရအောင် လမ်းပိတ်ဆို့ထားတယ်။ ပုသိမ်လမ်းဆုံမှာ တရုတ်ကုမ္ပဏီအခေါင်း တစ်ခုရယ်၊ ဦးပိုင် ကုမ္ပဏီအခေါင်း တစ်ခုရယ် အလောင်းသုံးလောင်းကို လူထုတွေက မီးသဂြိုဟ်တယ်။ ကျွန်မတို့ နယ်မြေမှာလေ၊ ဒါမတရား သိမ်းပိုက်တာလေ။ သိမ်းပိုက် မခံနိုင်တာကိုး။ လူထုတွေက လူအင်အားပြကြတယ်။ လူအင်အား တစ်သောင်းလောက်ရှိတယ်။ ဒီလူထုတွေ မသွားမလာရအောင် ရှေ့ကနေပြီးတော့ လမ်းပိတ်ဆို့ ထားကြတယ်။ ရဲတွေဘာတွေဆို နှစ်ရာကျော်လောက်ရှိမယ်။ ကုမ္ပဏီ လူကြီးတွေရော”

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ဒီကနေ့ ဆန္ဒပြပွဲမှာ မန္တလေး ဗကသ ကျောင်းသားတွေလည်း ပါဝင်ခဲ့ကြပြီး ဆန္ဒပြ လူအုပ်ကြီးဟာ မုံရွာ-ပုသိမ် လမ်းမကြီးကနေ တစ်မိုင်လောက်ခရီးကို လမ်းလျှောက်ခဲ့ကြပါတယ်။

အဲဒီနောက် ဘုရားတစ်ဆူမှာ ဝင်ရောက် ဆုတောင်းခဲ့ကြသလို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေးအတွက် နိုင်ငံတော် အကြီးအကဲတွေကို စာရေးသား တင်ပြဖို့ လက်မှတ်တွေ စုပေါင်း ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့ဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖက်စပ် လုပ်ကိုင်နိုင်ဖို့အတွက် စီမံကိန်းတဝိုက် ကျေးရွာ ၂၆ ရွာက လယ်မြေဧက (၇၈၀၀) ကျော် အဓမ္မ သိမ်းယူထားတာကို မကျေနပ်တဲ့အတွက် လယ်သိမ်းခံ တောင်သူတွေက သြဂုတ်လ နောက်ဆုံးပတ်ကစလို့ နေ့စဉ်ရက်ဆက် ဆိုသလို ဆန္ဒပြပွဲတွေ ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့