စစ်အာဏာသိမ်းပြီးနောက် ကလေး သုံးရာနီးပါး အသတ်ခံရ

RFA Burmese
2023.09.26
စစ်အာဏာသိမ်းပြီးနောက် ကလေး သုံးရာနီးပါး အသတ်ခံရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့က သေဆုံးခဲ့သည့် မန္တ​လေးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှ အသက် ၁၅ နှစ်အရွယ် ​မောင်ထွန်းထွန်း​အောင် ​ကို တွေ့ရစဉ်။
RFA

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ လူ လေးထောင်ကျော် မတရား သတ်ဖြတ်ခံခဲ့ရပြီး အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၉၂ ဦးပါဝင် တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခု ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အထိ နောက်ဆုံး ကောက်ယူထားတဲ့ စာရင်းဖြစ်ပါတယ်။

သတ်ဖြတ်ခံရသူ ၄၀၁၁ ဦးထဲမှာ အမျိုးသား ၃၄၈၃ ဦးပါဝင်ပြီး အမျိုးသမီးက ၄၆၉ ဦးနဲ့ ကျန် ၅၉ ဦးကတော့ ဘယ်သူဘယ်ဝါဆိုတာ မခွဲခြားနိုင်ခဲ့တဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကြိုးပေးသတ်ဖြတ်ခံရသူက လေးဦး၊ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူက ၁၁ ဦး၊ အကြောင်းမဲ့ သတ်ဖြတ်ခံရသူက နှစ်ထောင်ကျော်၊ ဆေးဝါးကုသခွင့်မရလို့ သေဆုံးရသူ သုံးဆယ်ကျော် စသဖြင့် သေဆုံးရတဲ့ အကြောင်းအရာမျိုးစုံပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းမှာ စစ်အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း စုစုပေါင်း ၄၁၀၈ ဦး သေဆုံးတယ်လို့ ဖော်ပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် တစ်ရာကျော် နိုင်ထက်စီးနင်း ဖမ်းဆီးချုပ်နှောင် ခံရပြီး သတ်ဖြတ်ခံခဲ့ ရတယ်လို့ NLD ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။ အဲဒီထဲမှာ လွှတ်တော် အမတ်သုံးဦးနဲ့ NLD ပါတီဝင် ၉၇ ဦး ပါဝင်ပါတယ်။

NLD ပါတီဝင်တွေ မန္တလေးတိုင်းမှာ အများဆုံး သတ်ဖြတ်ခံရပါတယ်။ မန္တလေးတိုင်းမှာ ၃၈ ဦး၊ စစ်ကိုင်းတိုင်းမှာ ၁၄ ဦး၊ ပဲခူးနဲ့ ရန်ကုန်တိုင်းမှာ ၁၂ ဦးစီ၊ မကွေးတိုင်းမှာ ခုနစ်ဦးနဲ့ ကျန် ကချင်၊ တနင်္သာရီ၊ မွန်၊ ရှမ်းနဲ့ နေပြည်တော်တွေမှာလည်း အသတ်ခံရသူတွေ ရှိတယ်လို့ NLD လူ့အခွင့်အရေးမှတ်တမ်းအဖွဲ့ စာရင်းတွေက ဖော်ပြပါတယ်။

ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ နေအိမ်တွေ မီးရှို့ခံရတာအပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ဘာသာရေးအဆောက်အအုံ ၉၄ လုံး ဖျက်ဆီးခံခဲ့ရတယ် လို့လည်း NLD စာရင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။