အာဏာသိမ်းပြီးနောက် စစ်တပ်က NLD ပါတီဝင် နှစ်ထောင်နီးပါးကို ဖမ်းဆီးခဲ့
2023.09.27

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကာလအတွင်း လွှတ်တော်အမတ်တွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၉၁၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ NLD လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ကောက်ယူရေးအဖွဲ့ (HRDT-NLD) က စက်တင်ဘာ ၂၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။
အဲဒီအထဲက ၁၂၆၉ ဦး ဆက်လက်ဖမ်းဆီးထိန်းထိမ်းခံထားရတယ်လို့ ဒီနေ့ပြုလုပ်တဲ့ NLD ပါတီတည်ထောင်ခြင်း ၃၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမှာ (HRDT-NLD) က အစီအရင်ခံစာ တင်သွင်းခဲ့တာပါ။
လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ပါတီဝင် ၁၂၆၉ ဦးထဲမှာ လွှတ်တော်အမတ် ၇၃ ဦးအပါအဝင် ပါတီဝင်အမျိုးသား ၁၀၇၇ ဦးနဲ့ ပါတီဝင်အမျိုးသမီး ၁၉၂ ဦး ပါဝင်ပါတယ်။
စစ်တပ်ဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့သလို NLD ပါတီကိုလည်း ပျက်စီးသွားအောင်ရည်ရွယ်ပြီး ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဒေါက်တာခင်ဆောင်က ပြောပါတယ်။
“တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်များကို ဥပဒေမဲ့ဖမ်းဆီးအကျဉ်းချပြီး၊ ပါတီရုံးခန်းများ ချိပ်ပိတ်ဖျက်ဆီးခြင်း၊ ပါတီဝင်များကို ဖမ်းဆီးခြင်းများ လုပ်ကြံသတ်ဖြတ် ခြင်းများ ဆက်တိုက် ကျူးလွန်လာပြီး ပါတီကိုလည်း ပျက်စီးသွားအောင် ပစ်မှတ်ထား ချေမှုန်းနေတာကိုလည်း တွေ့ကြရမှာ ဖြစ်ပါတယ်”
ဒီအပြင် နိုင်ငံတစ်ဝန်းက NLD ပါတီရုံးတွေ အကြိမ် ၁၆၀ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသလို လွှတ်တော်အမတ် ၁၈၂ ဦး အပါအဝင် ပါတီဝင် ၃၇၃ ဦးရဲ့ အိမ်၊ ခြံ၊ မြေ စုစုပေါင်း ၃၉၀ ခု၊ လုပ်ငန်းပိုင်ဆိုင်မှု ၆၄ ခုနဲ့ မော်တော်ယာဉ် ၁၆ စီး ချိပ်ပိတ်သိမ်းယူခံခဲ့ရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
လွှတ်တော်အမတ် သုံးဦး ပါအဝင် ပါတီဝင် စုစုပေါင်း ၁၀၀ ဦးလည်း သတ်ဖြတ်ခံခဲ့ရ တယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၆ ရက်နေ့ထိ စာရင်းတွေ အရတော့ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ ၄၁၂၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ၁၉,၂၇၂ ဦးကတော့ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။