စစ်အာဏာသိမ်း လေးနှစ်ပြည့် နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြပွဲတွေ ပြုလုပ်
2025.02.01

စစ်အာဏာသိမ်းထားတာ လေးနှစ်ပြည့်အနေနဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေး၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီ စတဲ့ မြို့နယ်အသီးသီးမှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်မြို့က လူစည်ကားရာ ခုံးကျော်တံတားနဲ့ စစ်ကိုင်းတိုင်း ဝက်လက်၊ ရေဦး၊ တမူး၊ ယင်းမာပင် စတဲ့ မြို့တွေအပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တို့မှာ လူထုသပိတ် ဆန္ဒပြပွဲတွေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ရေးသားထားတဲ့ ဘန်နာတွေကို လူစည်ကားရာနေရာတွေမှာ ချိတ်ဆွဲတာနဲ့ စီတန်းလှည့်လည်ပြီး လူထုသပိတ် ဖော်ဆောင်တာတွေကို ပုံစံမျိုးစုံနဲ့ ကျင်းပခဲ့ကြတာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်တော်လှန်ရေးအင်အားစုထဲက အဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို လုံခြုံမှုမရှိအောင် စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲတာတွေ လုပ်နေတာကြောင့် လေးနှစ်ပြည့်လှုပ်ရှားမှုကို ပြုလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။
"၂၀၂၁ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နေ့ကနေစပြီး ဒီနေ့အချိန်အထိ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေတာ၊ မြို့ပေါ်နေတဲ့ပြည်သူတွေကိုရော တောထဲရောက်သွားတဲ့ပြည်သူတွေကိုရော ကိုယ်စိတ်လုံခြုံမှုမရှိရအောင် အကြမ်းဖက်နေတာ နေ့တိုင်း၊ နှစ်တိုင်းပဲ။ အခုဆို စစ်မှုထမ်းဥပဒေနဲ့ပါ အိမ်အပေါ်ထိလိုက်ပြီး ဆွဲနေပြီ၊ ဒါကြောင့် စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို အန်တုပြီး ဘုံရန်သူအဖြစ် သတ်မှတ်ဖို့၊ စစ်ကောင်စီကို ထွက်ပေါက်မပေးဖို့ ရန်ကုန်မှာ ဆန္ဒပြခဲ့ကြတာပါ"
ဆန္ဒပြမှုအပြီး စစ်ကောင်စီတပ်တွေ ရောက်မလာခင်မှာ လူစုခွဲနိုင်ခဲ့တာကြောင့် ဖမ်းဆီးခံရတာမျိုး မရှိဘူးလို့ သူက ပြောပါတယ်။
စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက် ဒီကနေ့အဖြစ် ဥရောပသမဂ္ဂ အပါအဝင် သြစတြေးလျ၊ ကနေဒါ၊ ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်တို့က မြန်မာ့အရေးအတွက် ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ မြန်မာစစ်တပ်ရဲ့ အရှိန်မြှင့်ဆောင်ရွက်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
ပြည်သူတွေနဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပျက်စီးစေတာတွေ အပါအဝင် အကြမ်းဖက်မှုများကို အဆုံးသတ်ဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ဖို့အတွက် ထုတ်ပြန်ချက်ကနေ အလေးအနက်ထား တိုက်တွန်းထားပါတယ်။