နိုင်ငံတော်အစိုးရကို တရားစွဲတဲ့ အမှုတွဲ ဒက္ခိဏသီရိခရိုင်တရားရုံး လက်မခံ


2017.07.18
detkhena-court-620.jpg နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့အတွက် နိုင်ငံတော်အစိုးရကို တရားစွဲဆိုတဲ့ အဖွဲ့ ၅ဖွဲ့ရဲ့ အမှုတွဲ တင်ပြချက်ကို နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးက လက်မခံဘဲ ပြန်ပေးလိုက်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကို တရားစွဲဆိုထားတဲ့အမှုမျိုးဟာ သူတို့အနေနဲ့ စီရင်ပိုင်ခွင့်မရှိတဲ့ အမှုမျိုးဖြစ်ကြောင်း အကြောင်းပြန်ပြီး အမှုတွဲကို ပြန်ပေးလိုက်တာလို့ ၁၉၉၀ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် များအဖွဲ့ ဦးဒေးဗစ်လှမြင့် က ပြောပါတယ်။

"လက်ရှိခရိုင်တရားရုံးကနေပြီးတော့ ကျနော်တို့ကို စိရင်ပိုင်ခွင့်မရှိဘူးပေါ့နော်၊ ဒီလိုအမှုမျိုးကို တရားဥပဒေအရ စီရင်ပိုင်ခွင့်ပေးမထားဘူးဆိုပြီး ကျနော်တို့ကိုအကြောင်းပြန်လိုက်ပါတယ်"

မှားယွင်းတဲ့ ကိန်းဂဏန်းတွေနဲ့ ပြည်သူ့ဆန္ဒခံယူပြီး ပြဌာန်းခဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေး ဖို့နဲ့ နိုင်ငံတော်အစိုးရကို တရားစွဲဆိုဖို့ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အပါအဝင်အဖွဲ့ ၅ဖွဲ့က လူပုဂ္ဂိုလ် ၁၅ ဦးဟာ ဒီကနေ့ နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်တရားရုံးထံ အမှုတွဲတင်သွင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတုန်းက မြန်မာနိုင်ငံသားလူဦးရေကို ၅၇ သန်းလို့ ဖော်ပြ ထားပြီး ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ၅၁ သန်းသာရှိတဲ့အတွက် လူဦးရေ ၆ သန်း ကွာဟနေတယ်လို့ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ဖို့ ခက်ခဲတာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေး ဆွဲဖို့အတွက် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်အဖွဲ့က ဦးဆောင်ပြီး တိုင်းရင်းသားကိုယ်စားလှယ်တွေ ဒီမိုကရေစီအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုသူတွေနဲ့ ဆွေးနွေးပြီး ဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ ဖွဲ့စည်း ပုံဖြစ်အောင် ရေးဆွဲသွားမယ်လို့လည်း ဆိုပါတယ်။

တရားစွဲဆိုဖို့အတွက် ဒက္ခိဏသီရိခရိုင် တရားရုံးကို ပြီးခဲ့တဲ့ ဇူလိုင်က ၄ ရက်နေ့က ပထမအကြိမ် လာရောက်ခဲ့ပေ မယ့် ကိုယ်စားလှယ်လွှဲစာ ဆောင်ရွက်ပေးမယ့်ရှေ့နေက ကျန်းမာရေးကြောင့် မလာနိုင်တာကြောင့် တရားစွဲဆို မယ့်ရက်ကို ရွှေ့ဆိုင်းထားတာဖြစ်ပြီး ဒီကနေ့ ထပ်မံတင်သွားတာဖြစ်ပါတယ်။

နိုင်ငံတော်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့ အဖွဲ့ ၅ဖွဲ့မှာ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့၊ ညီညွှတ်သောအမျိုးသား ဒီမိုကရေစီအဖွဲ့ UNDO၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂအဖွဲ့၊ လူ့အခွင့်ရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးဖော်ထုတ်မှုကော်မတီ၊ ကရင်အမျိုးသမီးအစည်းအရုံး တို့ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။